ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပ

               ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (2nd ASEAN Digital Senior Officials’ Meeting – 2ndADGSOM) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် နေ့မှ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း ဦးဆောင်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမမှ တက်ရောက်ကြပြီး အာဆီယံ (၁၀) နိုင်ငံမှ ဒစ်ဂျစ်တယ် ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံအိုင်စီတီစင်တာနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များအပါအဝင် ကိုယ်စား လှယ် စုစုပေါင်း (၁၀၃) ဦး တက် ရောက်ခဲ့ကြပါသည်။

               ယင်းနောက် ဒုတိယအကြိမ်မြောက်အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး အစည်း အဝေးအား ဆက်လက်ကျင်းပရာ ၂၀၂၀ ခုနှစ်အတွက် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် မလေးရှား နိုင်ငံ ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာဝန်ကြီးဌာနမှ ဒုတိယအထွေထွေအတွင်းရေးမှူး Madam Mastura Ahmad Mustafa ကအဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးတွင် ၂၀၂၁ ခုနှစ် အတွက် အစည်းအဝေးသဘာပတိတာဝန် လက်ခံဆောင်ရွက်မည့် အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ အစည်းအဝေးအား မြန်မာနိုင်ငံမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ သဘာပတိ အဖြစ် ဉီးဆောင်ကျင်းပရာ အစည်းအဝေးတွင် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နေ့တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ ၏ ရလဒ်များအကောင်အထည်ဖော်မှုအပေါ် ဆွေးနွေးခြင်း၊ ၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် အိုင်စီတီကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ချက်နှင့် တိုးတက် မှုများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ATRC အစည်းအဝေး၏ အလှည့်ကျဥက္ကဌဖြစ်သည့် ဘရူနိုင်း နိုင်ငံမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေး ဥပဒေပြု သူများကောင်စီအစည်းအဝေး (27th ASEAN Telecommunication Regulators’ Council Meeting – ATRC) ၏ အစီရင်ခံစာအား တင်ပြဆွေးနွေးခြင်း၊ ASEAN Cybersecurity Coordinating Committee Meeting အစည်းအဝေး၏ အလှည့်ကျဥက္ကဌဖြစ်သည့် မလေးရှားနိုင်ငံမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်ခဲ့သည့်(၂)ကြိမ်မြောက်အာဆီယံဆိုက်ဘာလုံခြုံရေးကြီးကြပ်မှုကော်မတီအစည်းအဝေး (2nd ASEAN Cybersecurity Coordinating Committee Meeting–ACCC) ၏ ရလဒ်များအား အစီရင်ခံ တင်ပြဆွေးနွေးခြင်း၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက် ဆောင် ရွက်သည့် စီမံကိန်းများပြီးစီးမှု  နှင့် ဆောင်ရွက်မှုအခြေအနေများ တင်ပြဆွေးနွေးခြင်း၊ ASEAN Digital Ministers’ Meeting (ADGMIN) ၏ ထောက်ခံချက်ရယူရန်ရှိသည့် စီမံကိန်းများ၊ အာဆီယံ အိုင်စီတီ ရန်ပုံငွေဆိုင်ရာ ကိစ္စ ရပ်များဆွေးနွေးခြင်းနှင့် အခြားဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။