ဂြိုဟ်တုဆက်သွယ်ရေးဌာန

ဂြိုဟ်တုဆက်သွယ်ရေးဌာန

နောက်ခံသမိုင်းအကျဉ်း

၁။      ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) အရ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် (၉/၂၀၁၅) ဖြင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ ဌာနခွဲ(၈)ခု ဖြင့်တည်ထောင်ဖွဲ့စည်းခဲ့ရာ ဂြိုဟ်တုဆက်သွယ်ရေး ဌာနသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။

၂။       ဂြိုဟ်တုဆက်သွယ်ရေးဌာနအား အာကာသဌာနခွဲ နှင့် မြေပြင်စခန်းဌာနခွဲတို့ဖြင့် ဖွဲ့စည်း ထားပြီး၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် MyanmarSat-2 အား အသုံးပြု၍  ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။  အာကာသဌာနခွဲသည်နေပြည်တော်၊ ရုံးအမှတ်(၂)တွင်တည်ရှိပြီး၊ မြေပြင်စခန်းဌာနခွဲသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်တည်ရှိပါသည်။

၃။      ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း(သန်လျင်)ကို ၁၉၉၃ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် စတင်တည်ထောင်၍ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပါသည်။ ထိုစဉ်က အဆိုပါစခန်းအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေး ဌာနက ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။

 

မူဝါဒ

၄။      ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုရန်

ရည်ရွယ်ချက်

၅။      မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး၊ ရုပ်မြင်သံကြားထုတ်လွှင့်ရေး၊ နယ်စပ်လုံခြုံရေး၊   e-Government ၊ e-Health ၊ e-Education လုပ်ငန်းများတွင် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုရန်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် တုန့်ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အရေးပေါ်ဆက်သွယ်ရေး Emergency Communication အဖြစ်အသုံးပြုနိုင်ရန်၊ ကျေးလက်ဒေသများအပါအဝင် ဝေးလံခေါင်ဖျားဒေသများအထိ အခြေခံဆက် သွယ်ရေးဝန်ဆောင်မှုများ ဖြန့်ကျက်ရောက်ရှိရေးအတွက် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန်။

 

ရည်မှန်းချက်

၆။      ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး၊ ရုပ်မြင်သံကြားထုတ်လွှင့်ရေး၊ နယ်စပ်လုံခြုံရေး၊ e-Government ၊ e-Health ၊ e-Education လုပ်ငန်းများတွင် ဂြိုဟ်တုဆက်သွယ်ရေး       နည်းပညာဖြင့် အထောက်အကူပြုရန်၊

(ခ)     သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး နှင့် တုန့်ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အရေးပေါ်ဆက်သွယ်ရေး Emergency Communication အဖြစ် အသုံးပြုရန်

(ဂ)     မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ကိုအသုံးပြု၍ ကျေးလက်ဒေသများအပါအဝင် ဝေးလံ ခေါင်ဖျားဒေသများအထိ အခြေခံဆက်သွယ်ရေး ဝန်ဆောင်မှုများ ဖြန့်ကျက်ရောက်ရှိ ရန်

 

လုပ်ငန်းတာဝန်

၇။     လုပ်ငန်းတာဝန်မှာ အောက်ပါတိုင်းဖြစ်ပါသည်-

(က)    အစိုးရဌာနများနှင့် ပြည်တွင်းကုမ္ပဏီ၊အဖွဲ့အစည်းများအား MyanmarSat-2  ဂြိုဟ်တုချန်နယ်များအား သင့်တော်သောဈေးနှုန်းဖြင့် ငှားရမ်းဝန်ဆောင်မှုပေးခြင်း။

(ခ)   MyanmarSat-2 ဂြိုဟ်တုစနစ် စောင့်ကြည့်စစ်ဆေးရေးနှင့်ကွပ်ကဲရေးဆိုင်ရာလိုအပ်သောစက်နှင့်စက်ပစ္စည်းများဝယ်ယူရေးနှင့်တပ်ဆင်ရေးတို့အတွက်  ထောက်ပံ့ ဖြည့်ဆည်းခြင်း။

(ဂ)   MyanamarSat-2 C-Bandနှင့် Ku-Band ဂြိုဟ်တုထရန်စပွန်ဒါများကို ငှားရမ်းထား သည့် Bandwidth များနှင့် သတ်မှတ်ထားသည့် Frequency အတိုင်း သုံးစွဲမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း။

(ဃ)    Antennas, Satellite Hubs, RF Equipment, Generator & UPS System စသည့် ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်းဆိုင်ရာ စက်ပစ္စည်းနှင့် ဆက်စပ်စနစ်များအား နေ့စဉ် ပြုပြင်ထိန်းသိမ်းခြင်း။

(င)   ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုရယူသုံးစွဲသူများ၏ Customer Complaints ဖြေရှင်း ပေးခြင်း။

(စ)   Satellite Operator နှင့်နည်းပညာပိုင်းဆိုင်ရာများ ဆက်သွယ်ဆောင်ရွက်ခြင်း။

(ဆ)    အာကာသနှင့်ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဂြိုဟ်တုဆက်သွယ်ရေးသင်တန်းဖွင့်လှစ်ခြင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား/သူများအား Internship Program လက်ခံ သင်ကြားပေးခြင်း။

(ဇ)     အာကာသနှင့်ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်ပသင်တန်း၊ လေ့လာရေး၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်း။