ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၏ (၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၏ (၅၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ(၁)ရက် နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)၊ နေပြည်တော်တွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ခေတ်အဆက်ဆက် နိုင်ငံတစ်ဝှမ်း ခရီးသည်နှင့် ကုန်စည်များကို သယ်ယူ ပို့ဆောင်ပေးခြင်း လုပ်ငန်းနှင့် စီမံကိန်းကြီးများအတွက် လိုအပ်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ဌာနတစ်ခု ဖြစ်ကြောင်း၊ ကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေး စနစ် တစ်ရပ် ဖြစ်လာစေရန် အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ပြုပြင် ထိန်းသိမ်းရေး၊ စီးပွားရေး တွက်ခြေကိုက်မှုရှိရေး၊ ထိရောက်စွာကြီးကြပ်ရေး၊ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ရှိမှုတို့သည် အဓိက လိုအပ်ချက်များ ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့သည့် နှစ်ကာလများတွင် ကြုံတွေ့ ရသည့် အားနည်းချက်များကို ပြုပြင်၍ အားသာချက်များကို သုံးသပ် ဆင်ခြင်ပြီး “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဆောင်ပုဒ်နှင့်အညီ ဌာနအကျိုး၊ နိုင်ငံ့အကျိုးအတွက် ကျရာတာဝန်ကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ခေတ်အဆက်ဆက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများ အားလုံးကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ သမိုင်း အစဉ်အလာနှင့် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ထို့နောက် သင်တန်းများတွင် ပထမဆု ရရှိသူ ထူးချွန်ဝန်ထမ်း (၅)ဦးနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ (၄)ဦး တို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အသီးသီး ဆုချီးမြှင့်ကာ ဆုရရှိသည့် ဝန်ထမ်းများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန