MPT မှ တန်ဆောင်တိုင်ကာလ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းလုံးတွင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမှုများ စတင်ဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် “အတူလက်တွဲ အမြဲရှိမည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည့်နယ်များရှိ နေရာဒေသ (၂၄)ခုမှ ဘိုးဘွားရိပ်သာများနှင့် အခြားလိုအပ်နေသော နေရာများသို့ တန်ဆောင်တိုင် ကာလ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ နိုင်ငံတစ်ဝန်းလုံးတွင် လှူဒါန်းမှုများ ဆောင်ရွက်လိုက်ပြီ ဖြစ်သည်။

MPT က တန်ဆောင်တိုင်ကာလ အထိမ်းအမှတ်အဖြစ် မြန်မာ့ယဥ်ကျေးမှုဓလေ့ကို ထိန်းသိမ်းခြင်းနှင့် သုံးစွဲသူများသို့ ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် မြန်မာကျပ်ငွေ သိန်း (၅၅၀)တန်ဖိုးရှိ အခြေခံစားသောက်ကုန်များနှင့် လှူဒါန်းငွေများကို လှူဒါန်းခြင်းဖြစ်ပါသည်။ ဦးထုပ်၊ မျက်နှာနှင့် နှာခေါင်းစည်းများ၊ တဘက်များစသည့် လှူဖွယ်ပစ္စည်းများကိုလည်း နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ လှူဒါန်းလိုက်ပြီဖြစ်ပါသည်။ လှူဒါန်းမှု လုပ်ငန်းစဥ် တစ်ခုလုံးကို နိုင်ငံတစ်ဝန်းရှိ MPT ၏ ရုံးခွဲများအသီးသီးက ဆောင်ရွက်ခြင်းဖြစ်ပါသည်။

စစ်မှန်သည့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPTအနေဖြင့် ယင်း၏ တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ဆောင်ရွက်နေခြင်းနှင့်အတူ မြန်မာ့လူမှုအသိုက်အဝန်းသို့ အမြဲတစေ အထောက်အပံ့ပြု ဆောင်ရွက်သွားမည့် သန္နိဌာန်နှင့်အတူ ကဏ္ဍများစွာတွင်ထောက်ပံ့လုပ်ဆောင်လျက်ရှိပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း အများပြည်သူတို့သို့ ဆေးကုသမှုပေးရာတွင် အထောက်အကူဖြစ်ရန်အတွက် မျက်စိစမ်းသပ်ခန်းတွင် အသုံးပြုသည့် အမေရိကန်ဒေါ်လာ ၄၈၀၀ တန်ဖိုးရှိသည့် Non-contact Tonometer (NCT) CT-800 ရေတိမ်တိုင်းစက်ကို မြန်မာ့မီးရထားဆေးရုံ (အင်းစိန်) သို့ လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းသို့လည်း လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များအတွက် မြန်မာကျပ်ငွေ သိန်း(၅၀၀) ကို လှူဒါန်း ခဲ့ပါသည်။ MPT မှ ယနေ့အချိန်အထိ နိုင်ငံတစ်ဝန်းရှိ လိုအပ်နေသော နေရာများကို အထောက်အပံ့ပြုဆောင်ရွက်ခဲ့ပြီးဖြစ်ကာ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း များအဖြစ် လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမည့် ကူညီပံ့ပိုးပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

MPT ကိုအစဥ်တစိုက် သုံးစွဲသူများ၏ အကူအညီနှင့် အားပေးမှုကြောင့်သာ ယခုကဲ့သို့ လှူဒါန်းမှုများကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ MPT အနေနှင့် ယခုလို မတူညီသောကဏ္ဍများအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုကို ကျေးဇူးအထူးတင်ရှိပြီး MPT က လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီဆောင်ရွက် သွားမည် ဖြစ်ပါသည်။

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

နိုဝင်ဘာလ ၈ ရက် နှင့် ၁၁ ရက်တွင် တိုင်းနှင့် ပြည်နယ် အသီးသီး၌ လှူဒါန်းခဲ့သည့် ပုံရိပ်များ

ရန်ကုန်တိုင်းဒေသကြီးတွင် YGW ထာဝရ ဘိုးဘွားရိပ်သာသို့ MPT က လှူဒါန်းခဲ့သည့် ပုံရိပ်များ

ရန်ကုန်တိုင်းဒေသကြီးတွင် နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ MPT က လှူဒါန်းခဲ့သည့် ပုံရိပ်များ

ကရင်ပြည်နယ်တွင် နိဗ္ဗိန္ဒကျောင်းတိုက်သို့ MPT က လှူဒါန်းခဲ့သည့် ပုံရိပ်များ

ချင်းပြည်နယ်တွင် ဗေသလ ဘိုးဘွားရိပ်သာသို့ MPT က လှူဒါန်းခဲ့သည့် ပုံရိပ်များ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ MPT က လှူဒါန်းခဲ့သည့် ပုံရိပ်များ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တွင် သီရိခေတ္တရာ ဘိုးဘွားရိပ်သာသို့ MPT က လှူဒါန်းခဲ့သည့် ပုံရိပ်များ

ကချင်ပြည်နယ်တွင် ဗန်းမော် ဘိုးဘွားရိပ်သာသို့ MPT က လှူဒါန်းခဲ့သည့် ပုံရိပ်များ