ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှု ၊ မြင်းခြံ - ပုဂံ နှင့် ပုဂံ - ကျောက်ပန်းတောင်း - တောင်တွင်းကြီး ရထားလမ်းပိုင်းအခြေအနေနှင့် ဘူတာများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ မေ  ၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ၊ မေလ (၄) ရက်နေ့မှ (၆) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းအမှတ် (၁၁) မှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှု ၊ မြင်းခြံ - ပုဂံ နှင့် ပုဂံ - ကျောက်ပန်းတောင်း - တောင်တွင်းကြီး ရထားလမ်းပိုင်းများ၏ လက်ရှိ အခြေအနေများ၊ ရထားလမ်းတံတားများနှင့် ဘူတာများကို စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေအား ပန်းအိုင်ဘူတာမှ မြင်းခြံဘူတာထိ RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်းအဆင့်မြှင့်တင်ရာ၌ အသုံးပြုရန် စုပုံထားသည့် ကွန်ကရစ်ဇလီဖားတုံးများ၊ သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းရန် ၊ သံလမ်းများစနစ်တကျခင်းကျင်းရန်၊  အရည်အသွေး ပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန် စံညွှန်းအတိုင်း ထည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ရထားလမ်းပိုင်းအတွင်းရှိ တံတားကြီးနေရာများရှိ ဆွေးမြေ့နေသည့် သစ်သား ဇလီဖားများလဲလှယ်ရန်၊ ရထားလမ်းတာဘောင် ရေတိုက်စားပြီးကျဉ်းသော နေရာများတွင် တာဘောင် မြေထပ်ဖို့ပြီး Compaction ကောင်းအောင် စနစ်တကျဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

၎င်းအပြင် ဒုတိယဝန်ကြီးသည် မြင်းခြံ - ပုဂံ ရထားလမ်းပိုင်းရှိ တော၊ ချုံနွယ်များ ရှင်းလင်းရန်၊ လမ်းပိုင်းအတွင်း လမ်းခင်းကျောက်နည်းသော နေရာများတွင် လမ်းခင်းကျောက်ဖြည့်တင်းရန်နှင့် ကွန်ကရစ်ဇလီဖားတုံးများ ဖြည့်တင်း၍ လမ်းပိုင်းကြံ့ခိုင်မှု ကောင်းမွန်အောင် ဆောင်ရွက်သွားရန် တို့ကို တစ်ဆက်တည်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဂံ - ကျောက်ပန်တောင်း - တောင်တွင်းကြီး ရထား လမ်းပိုင်း၏ လက်ရှိအခြေအနေအား RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရန်ကုန် - ပုဂံ ရထားများ ပြေးဆွဲနေသည့် လမ်းပိုင်းဖြစ်သဖြင့် ရထားလမ်းတာဘောင် ကျဉ်းသောနေရာများ၊ ရေတိုက်စားထားသောနေရာများတွင် လမ်းပိုင်းကြံခိုင်မှု ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်သွားရန် ၊ ရထားလမ်းဘေးရှိ တော၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်း လမ်းခင်းကျောက် ဖြည့်တင်းရန် လိုအပ်သည့် နေရာများတွင် လမ်းခင်းကျောက်များ စနစ်တကျ ဖြည့်သွင်းသွားရန်နှင့် ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ပန်းအလှပင်များ စိုက်ပျိုးသွားရန် တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန် - ပုဂံ ပြေးဆွဲသည့် ရထားတွဲဆိုင်းများကို စစ်ဆေးပြီး သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ရထားများ ထွက်ချိန်မှန်ကန်စေရေး၊ ရထားစီးခရီးသည်များ လေဝင်/လေထွက် ကောင်းမွန်စေရန်အတွက်  ပြတင်းပေါက်များ အလွယ်တကူ အတင်အချ ပြုလုပ်နိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် ရထားပေါ်တွင် ခရီးသွားပြည်သူများ အသုံးပြုသည့် သုံးရေပြတ်လပ်မှု မရှိစေရန် ရေဖြည့်တင်းရမည့် ဘူတာများတွင် စနစ်တကျရေဖြည့်ရန် ဆွေးနွေးမှာကြားခဲ့သည့်အပြင် ခရီးသွား ပြည်သူများ လက်မှတ်ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး၊ ဘူတာများတွင် အများသုံး သန့်စင်ခန်းများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရေးနှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေး ချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန