5G ကွန်ရက် အတွေ့အကြုံသစ်ကို စမ်းသပ်နိုင်မည့် အခွင့်အရေးကိုယူဆောင်လာသည့် MPT

(ရန်ကုန်၊၂၀၂၄ခုနှစ်၊ဇွန်၁၀ရက်)_မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများ၏ ဒီဂျစ်တယ်အတွေ့အကြုံနှင့် နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေရန် အစဉ် ရည်ရွယ်လျက်ရှိရာ၊ နိုင်ငံအ၀န်း မြန်နှုန်းမြင့်LTE(4G) ကွန်ရက် အဆင့်မြှင့်တင်ခြင်း၊တိုးချဲ့ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိသည့်အပြင်  လတ်တလော အားထုတ်မှုတစ်ခုအဖြစ် 5G ကွန်ရက်သစ်ကိုသတ်မှတ်ထားသည့် နေရာအချို့တွင် ဇွန်လအတွင်း စတင်စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာတစ်ခုဖြစ်သည့် 5G နည်းပညာကြောင့် ချိတ်ဆက်နိုင်မှုတွင် အမြန်နှုန်း အထူး ကောင်းမွန်သွားမည့်အပြင် စောင့်ဆိုင်းရချိန်အလွန်နည်းပါးသောကြောင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အတွက်ပါ ထူးခြားသော သုံးစွဲမှုအတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ MPT အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်းတွင် မြန်နှုန်းမြင့်  LTE  ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆောင်ရွက်ခဲ့ပြီး ယခုလို 5G စမ်းသပ်မှုမှာလည်း  သုံးစွဲသူများ စိတ်ကျေနပ်မှုရှိစေရန်အတွက် ဆောင်ရွက်နေသည့် အားထုတ်မှုတစ်ခုပင်ဖြစ်ပါသည်။   GSMA  ဝက်ဘ်ဆိုက်၏ထုတ်ပြန်ချက်အရ  ၂၀၂၄ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ အော်ပရေတာပေါင်း ၂၆၁ ခုမှာ စီးပွားရေးလုပ်ငန်းသုံး 5G ကွန်ရက် ကို ဖြန့်ကျက်ခဲ့ပြီးဖြစ်ကာ MPT သည် မြန်မာနိုင်ငံတွင် 5G ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေးအော်ပရေတာ များထဲတွင် တစ်ခုအပါအဝင်ဖြစ်လာမည် ဖြစ်ပါသည်။

MPT နည်းပညာဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Yoshihisa OUCHI က “ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေအတွက် ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးနည်းပညာတွေကို ပေးအပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ နောက်ဆုံးပေါ် 5G နည်းပညာကြောင့် သုံးစွဲသူတွေအနေနဲ့ ဒေါင်းလုတ်တွေ လျင်မြန်စွာနဲ့ လုပ်ဆောင်နိုင်မှာဖြစ်သလို တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုလည်း အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားသူတွေ အနေနဲ့အရင်ထက် သိသိသာသာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ 5G နည်းပညာကြောင့် တီထွင်ဆန်းသစ်မှုတွေကို ပိုမိုလုပ်ဆောင်နိုင်ပြီး စီးပွားရေးပုံစံသစ်တွေကို ဖန်တီးနိုင်လာမယ့်အပြင် ကဏ္ဍအသီးသီးမှာ ထုတ်ကုန်စွမ်းအားတိုးမြှင့်စေမှာမို့ စီးပွားရေးကဏ္ဍကို သိသိသာသာ တိုးတက်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ခရီးစဥ်သစ်မှာ ပါဝင်ကြဖို့အတွက် ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ထို့အပြင် စိတ်ဝင်စားသူများအနေဖြင့် ဇွန်လတွင် ပြုလုပ်သွားမည့် MPT ၏ “5G သရုပ်ပြ”ပွဲ မှာ လာရောက်လေ့လာနိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်များဖြစ်သည့် (နေ့ရက် နှင့် အချိန်)ကိုတော့ MPT ရဲ့ ဝက်ဘ်ဆိုက်တွင် ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ကတိကဝတ်နှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရုံသာမက တန်ဖိုးထားလေးစားရသော သုံးစွဲသူများ၏ ဒီဂျစ်တယ်လူနေမှုဘဝကို အစဉ်အမြဲ ဆန်းသစ်ပြီး မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။

MPT နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ရန်ကုန်မြို့ရှိ MPT ဆူးလေရုံး အနီးတွင် 5G ကွန်ရက်ကို စမ်းသပ်အသုံးပြုနေပုံ