SEA-ME-WE5 ပင်လယ်ရေအောက်ကေဘယ်လ်ဆက်ကြောင်းချို့ယွင်းမှု ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ အင်တာနက်ဝန်ဆောင်မှုများ  မူလအတိုင်းပြန်လည် အသုံးပြုနိုင်ပြီး မိုဘိုင်း ဒေတာလက်ဆောင်ရယူနိုင်ပါပြီ

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်)- ဧပြီလ ၂၀ ရက်မှစတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသော SEA-ME-WE5 ရေအောက်ကေဘယ်လ် ဆက်ကြောင်းချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် MPT ၏ မိုဘိုင်း၊ FTTH နှင့် ဆက်စပ်အင်တာနက် ဝန်ဆောင်မှုများမှာ အမြန်နှုန်းများ နှေးကွေးမှု ဖြစ်ပေါ်စေခဲ့ပြီး MPT အနေဖြင့် ဝန်ဆောင်မှုများ  မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ချက်ချင်းချိတ်ဆက် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါတွင် အင်တာနက်ဝန်ဆောင်မှုများ၏ အမြန်နှုန်းများမှာ ယခင်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။

MPT သည် ဝန်ဆောင်မှုများ ပြန်လည်ကောင်းမွန်စေရန် ဆက်ကြောင်းသစ်များကို စဉ်ဆက်မပြတ် တိုးချဲ့ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကာလအတွင်း အဆင်မပြေမှုများအတွက် သုံးစွဲသူများသို့ အနူးအညွတ် တောင်းပန်အပ်ပါသည်။ သည်းခံစောင့်ဆိုင်းပေးမှု အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။

MPT သည် ရေအောက်ကေဘယ်လ်ဆက်ကြောင်းချို့ယွင်းမှုကြောင့် မိုဘိုင်းအင်တာနက်အသုံးပြုရာတွင် အဆင်မပြေဖြစ်ခဲ့သည့် သုံးစွဲသူများအတွက် ပြန်လည်ဖြည့်ဆည်းပေးရန် မိုဘိုင်းဒေတာလက်ဆောင် ပေးအပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ မိုဘိုင်းဒေတာလက်ဆောင်ကို သုံးစွဲသူများအနေဖြင့် *2006*5# ကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၇ ရက်အထိ ခေါ်ဆို၍ ရယူနိုင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို  SMS (စာတို) ပေးပို့သွားမည် ဖြစ်ပါသည်။ ထို့အပြင်  SEA-ME-WE5 ရေအောက်ပင်လယ်ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အဆင်မပြေဖြစ်ခဲ့ရသည့် FTTH အင်တာနက်သုံးစွဲသူများအတွက်ကိုလည်း ဇွန်လအတွင်းမှာ ပြန်လည်ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်ပြီး နောက်ထပ် ပြန်လည်ဖြည့်ဆည်းပေးမှုများကိုလည်း ဇူလိုင်လ အတွင်းကြေငြာပေးမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ ပူးတွဲ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Kazuhiko MASUDA က “ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးအပ်နေစဉ်ကာလမှာ အထူးခြားဆုံး ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ထားပြီး ဒီဖြစ်ရပ်အပေါ်မှာ အလေးအနက်ထားပြီး ဆောင်ရွက်နေပါတယ်။  အနာဂတ်မှာလည်း ဒီလိုဖြစ်ရပ်တွေကို ကြိုတင်ကာကွယ်ဖို့အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခက်အခဲကာလမှာ စိတ်ရှည်သည်းခံပြီး နားလည်ပေးကြတဲ့ သုံးစွဲသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT ကို စဉ်ဆက်မပြတ် ရွေးချယ်အသုံးပြုသည့် သုံးစွဲသူများကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ယုံကြည်စိတ်ချရသော အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ပြီး ကွန်ရက်အခြေခံ အဆောက်အဦကို ဆက်လက်ထိန်းသိမ်းရန် နှင့် တိုးမြှင့်ရန်အတွက်လည်း စဉ်ဆက်မပြတ်ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။