GSMA – MCIT အလုပ်ရုံဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီး အဖွင့်အမှာစကားပြောကြား

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် GSM Association တို့ ပူးပေါင်း၍ GSM as an Agent of Inclusion and Change (GSMA – MCIT) အလုပ်ရုံ ဆွေးနွေးပွဲအား ဇူလိုင်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ  မြနန်းတော် (Emerald Palace) ဟိုတယ်၌ ကျင်းပရာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

၄င်းနောက် GSM Association မှ Chief Regulatory Officer Mr. Tom Phillips က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် အာရှဒေသဆိုင်ရာ အကြီးအကဲ Ms. Irene Ng က GSMA အဖွဲ့ အစည်းမှ စီမံဆောင်ရွက် လျက်ရှိသည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ထို့နောက် Mr. Tom Phillips က GSM Association မှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနအတွက် ထောက်ပံ့ပေးမည့် ၂၀၁၅ ခုနှစ်၊ သင်တန်းအစီအစဉ် (Training Package) အား ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် GSM Association (GSMA) မှ တာဝန် ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ အတွေ့အကြုံများကို အသီးသီး ဆွေးနွေးတင်ပြကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးသောင်းတင်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် GSM Association တို့ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပြီး (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲ ပထမနေ့တွင် မိုဘိုင်းဖုန်း အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုမှ ရရှိလာနိုင်မည့် လူမှုစီးပွား အကျိုးကျေးဇူးများအား နိုင်ငံတကာမှ မူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးကြမည်ဖြစ်ပြီး ဒုတိယနေ့တွင် မိုဘိုင်းဆက်သွယ်ရေး တာဝါများနှင့် Infrastructure Sharing ဆိုင်ရာ ကိစ္စရပ်များနှင့် Radio Emission နှင့် Electromagnetic Field ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးသွားကြမည်ဖြစ်ပါသည်။

GSM Association (GSMA) သည် ကမ္ဘာတစ်ဝှမ်းရှိမိုဘိုင်းဝန်ဆောင်မှုပေးသည့် အော်ပရေတာ များအား ကိုယ်စားပြုသည့် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း (၂၂ဝ)ကျော်မှ အော်ပရေတာ စုစုပေါင်း (၈ဝဝ) ကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။