2600 MHz Spectrum Auction သတင်းထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများ အနေဖြင့် မြန်နှုန်းမြင့် Broadband Data ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Simultaneous, Multiple-Rounds Auction (SMRA) နည်းလမ်း အသုံးပြုသည့် 2600 MHz Spectrum လေလံအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ The Hotel Royal ACE တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လေလံတွင် ပါဝင်ယှဉ်ပြိုင်သူများသည် မိမိတို့၏ Business Plan အတိုင်းသာ ပါဝင်ယှဉ်ပြိုင်သွားနိုင်ရေးနှင့် စျေးကစားမှုများကို ရှောင်ရှားနိုင်ရေးအတွက် အခြားနိုင်ငံ အများအပြားတွင် အသုံးပြုလျက်ရှိသည့် Simultaneous Multiple Rounds Auction (SMRA) နည်းလမ်းအား အသုံးပြုခြင်းဖြစ်ပါသည်။ 2600 MHz Band အတွင်းရှိ လှိုင်းနှုန်းစဉ်များအနက် 20 MHz Lot (၂) ခုအား နယ်မြေ (၁)-နေပြည်တော်၊မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ နယ်မြေ (၂) - ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နှင့် နယ်မြေ (၃)- မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယား စသည့် နယ်မြေ (၃) ခုအတွက် လေလံစနစ်ဖြင့် ဆောင်ရွက်အသုံးပြုခွင့်ပေးသွားမည်ဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုသည် အများဆုံးအနေဖြင့် Lot (၂) ခု ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သော်လည်း နယ်မြေတစ်ခုတည်းတွင် Lot (၂) ခု ယှဉ်ပြိုင်ခွင့်မရှိပါ။

နယ်မြေတစ်ခုစီတွင် ကုမ္ပဏီနှစ်ခုမှ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် စျေးကွက်ယှဉ်ပြိုင်မှု ပိုမိုကောင်းမွန် လာစေရန်နှင့် ပြည်သူများအနေဖြင့် သင့်တင့် မျှတသော စျေးနှုန်းဖြင့် မြန်နှုန်းမြင့် Broadband Data ဝန်ဆောင်မှုလုပ်ငန်းများအား ရွေးချယ်သုံးစွဲနိုင်မည့် အကျိုးကျေးဇူးရရှိစေမည် ဖြစ်ပါသည်။

2600 MHz ဆိုင်ရာ Auction Framework အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်အလိုက် ဆက်လက်ဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အောက်ဖော်ပြပါ Qualified Bidder (၉) ဦး အနေဖြင့် ယနေ့ကျင်းပသည့် လေလံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သူတစ်ဦးသာ ကျန်ရှိသည့်အထိ လေလံအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်-

(၁)    Amara Communications Co., Ltd
(၂)    Bagan ISP Co., Ltd
(၃)    Fortune International Co., Ltd
(၄)    Global Technology Co., Ltd
(၅)    Kinetic Myanmar Technology Co., Ltd
(၆)    Myanmar Network Co., Ltd
(၇)    Myanmar Technology Gateway Co., Ltd

(၈)    Y Net Co., Ltd
(၉)    Yatanarpon Teleport Public Co., Ltd

နယ်မြေတစ်ခုခြင်းစီအလိုက် ကြမ်းခင်းစျေးနှုန်းများမှာ နယ်မြေ (၁) အတွက် အမေရိကန် ဒေါ်လာ (၃) သန်း၊ နယ်မြေ (၂) အတွက် အမေရိကန်ဒေါ်လာ (၇) သန်း၊ နယ်မြေ (၃) အတွက် အမေရိကန်ဒေါ်လာ (၅) သန်းဖြစ်ပါသည်။ အဆိုပါ ကြမ်းခင်းစျေးနှုန်းများအား ပထမအဆင့် (First Round) စျေးနှုန်းအဖြစ် သတ်မှတ်၍ လေလံလုပ်ငန်းစဉ်အား စတင်ဆောင်ရွက်ခဲ့ ပါသည်။
 ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးအနေဖြင့် 2600 MHz လှိုင်းနှုန်းစဉ်လေလံအား ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အထောက်အပံ့ဖြင့် ကနေဒါနိုင်ငံ အခြေစိုက် နိုင်ငံတကာအကြံပေးအဖွဲ့ဖြစ်သည့် Nordicity အကြံပေးအဖွဲ့နှင့်အတူ ဆောင်ရွက် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားသည့် International Legal Firm တစ်ခု ဖြစ်သည့် DFDL မှလည်း အကြံဉာဏ်များ ရယူဆောင်ရွက်ခဲ့ပါကြောင်းနှင့် လေလံ ပြိုင်ပွဲအား ၂၀၁၆  ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး လေလံ အောင်မြင်သူများအား 2600 MHz Auction Framework တွင် သတ်မှတ်ထားသည့် အတိုင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ (ကြာသပတေးနေ့) တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

English Version အား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။