ကုန်းလမ်းပို့ဆောင်ရေး-ညွှန်ကြားမှုဦးစီးဌာန

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ သမိုင်းကြောင်း

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန

 

  •  ၁၈၈၄ ခုနှစ်တွင် မြန်မာနိုင်ငံတော်အတွင်းသို့ ရေနွေးငွေ့နှင့် သွားလာသည့် ယာဉ်များ စတင်ရောက်ရှိသည်။
  • ၁၉၀၅ ခုနှစ်တွင် မော်တော်ယာဉ်များ စတင်ရောက်ရှိသည်။
  • ၁၉၀၆ ခုနှစ်တွင် မော်တော်ယာဉ်ဥပဒေ ထုတ်ပြန်သည်။
  • ၁၉၁၃ ခုနှစ်တွင် အများပြည်သူနှင့်ဆိုင်သောယာဉ်များ စတင် တင်သွင်းသည်။ 
  • ၁၉၁၄ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက အိန္ဒိယမော်တော်ယာဉ် ဥပဒေအမှတ်(၈) ကို ထုတ်ပြန်ရာ မြန်မာနိုင်ငံတွင် စတင် အကျိုးသက်ရောက်စေသည်။
  •  ၁၉၂၀ ခုနှစ်တွင် လုပ်သားပိုင် အငှားယာဉ်များ စတင်အသုံးပြုသည်။ 
  • ၁၉၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမော်တော်ယာဉ်နည်းဥပဒေကို ပြဋ္ဌာန်း၍ ၁၉၀၆ ခုနှစ် ဥပဒေ ကိုဖျက်သိမ်းသည်။ ရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်သည်။ 
  • ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံ အငှားယာဉ်နည်းဥပဒေ ကို ပြဋ္ဌာန်းသည်။
  • ၁၉၃၇ ခုနှစ်တွင် လျှပ်စစ် ထရော်လာဂျီကားများ စ၍ အသုံးပြုခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းသို့ အဆိုပါ ယာဉ်များရောက်ရှိလာပြီးနောက် အများပြည်သူလမ်းများပေါ်တွင် ပြေးဆွဲမောင်းနှင်လာသည်နှင့်အမျှ မော်တော်ယာဉ်များကို မော်တော်ယာဉ်ဥပဒေနှင့်အညီ စစ်ဆေးမှတ်ပုံတင်ပေးခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ဗြိတိသျှအစိုးရလက်ထက်တွင် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်း ကို ရန်ကုန်ရဲမင်းကြီးက တာဝန်ယူဆောင်ရွက်ပါသည်။ ခရိုင်များတွင် ခရိုင်ရဲဝန်ထောက်က တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် မြန်မာနိုင်ငံတွင် ၁၉၄၆ ခုနှစ်မှစ၍ ပြန်လည်မှတ်ပုံတင်ခြင်းလုပ်ငန်း စတင်ခဲ့ပါသည်။
  • ၁၉၆၃ ခုနှစ်တွင်ကုန်းလမ်းနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးဥပဒေများကို ထုတ်ပြန်သည်။
  • ၁၉၆၃ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေ ပြဌာန်းချက်အရ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မော်တော်ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်လုပ်ငန်းများကို ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့မှစ၍ ရဲတပ်ဖွဲ့ထံမှ လွှဲပြောင်း ရယူခဲ့ပါသည်။ 
  • ၁၉၆၄ ခုနှစ်တွင် ၁၉၆၄ခုနှစ် မော်တော်ယာဉ်ဥပဒေ ကို တော်လှန်ရေး ကောင်စီ ဥပဒေအမှတ် ၁၇ အဖြစ် ထုတ်ပြန်သည်။
  • ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးစနစ်သစ် ဖေါ်ထုတ်ရေးအစီအစဉ်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အဖြစ် သတ်မှတ်ခဲ့ပါသည်။
  • ၁၉၈၉ ခုနှစ်တွင် ၁၉၆၄ခုနှစ်၊ မော်တော်ယာဉ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် ၂၇/၈၉ ဖြင့် ထုတ်ပြန်သည်။
  • ၁၉၈၉ ခုနှစ်တွင် တည်ဆဲ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ ကို ထုတ်ပြန်သည်။
  • ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းချိန်၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏ လက်အောက်ခံဦးစီးဌာနတစ်ခု ဖြစ်လာပါသည်။
  • ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနအား ဖျက်သိမ်း၍ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန အဖြစ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် သွတ်သွင်း ဖွဲ့စည်းခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့တွင် မော်တော်ယာဉ်ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေအမှတ်-၅၅) အားထုတ်ပြန်သည်။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၊ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန တို့အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ လက်အောက်ခံဦးစီးဌာနတစ်ခု ဖြစ်လာပါသည်။