နေပြည်တော်၊ ဧပြီ ၁၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ဝန်ကြီးရုံး ရုံးအမှတ် (၂၉)၊ ရုံးအမှတ် (၂)နှင့် ရုံးအမှတ် (၅) တို့သို့ သွားရောက်၍ ရုံးဌာနအလိုက် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်မှုနှင့် ဝန်ထမ်းနှင့်မိသားစုများ ယာယီနေထိုင်ရေး နေရာချထားပေးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့်အဖွဲ့သည် ရုံးအမှတ် (၂၉)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)ရှိ ဌာနခွဲများ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတို့၏ ဌာနခွဲများ၌ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားသည်။ ဆက်လက်၍ ငလျင်ဒဏ်ခံ ဝန်ထမ်းမိသားစုများအား ရုံးဧရိယာအတွင်း ယာယီနေထိုင်ရေး နေရာချထားပေးမှု၊ စားသောက်ရေး၊ ကျန်းမာရေး စီစဉ်ပေးထားမှု အခြေအနေများကိုလည်းကောင်း၊ ငလျင်ဒဏ်ခံရသည့် ရုံးအဆောက်အဦနှင့် ရုံးခန်းများ၏ ပျက်စီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးသည်။
၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးရုံး ရုံးအမှတ် (၂)သို့ ရောက်ရှိပြီး ဝန်ကြီးရုံး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့၏ ရုံးခန်းများအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လိုက်လံကြည့်ရှုအားပေးခြင်း၊ သင်ကြားမှုများအတွက် သင်ထောက်ကူပစ္စည်းများ၏ အခြေအနေကို စစ်ဆေးခြင်း၊ ရုံးဧရိယာအတွင်း ငလျင်ဒဏ်ခံ ဝန်ထမ်းမိသားစုများအတွက် ယာယီစခန်းချ စီစဉ်ထားရှိမှု၊ စားသောက်ရေး၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပံ့ပိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ မိုးလုံလေလုံ နေထိုင်နိုင်ရေးနှင့် အခြားလိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးရုံး၊ ရုံးအမှတ် (၅) ၌ ရုံးခန်းများအလိုက် တာဝန်ထမ်းဆောင်နေသော ရုံးဝန်ထမ်းများအား လိုက်လံကြည့်ရှု အားပေးကာ ရုံးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေး စီမံဆောင်ရွက်ရန်ကိစ္စ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ရေးဆိုင်ရာကိစ္စများ၊ ရုံးအားလုံးနှင့် ယာယီစခန်းနေရာများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိရန်၊ အဆိုပါယာယီစခန်းများအလိုက်တွင် အဖွဲ့ခေါင်းဆောင်များ သတ်မှတ်တာဝန်ပေးအပ်ရန်ကိစ္စများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန