ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြို့အတွင်းရှိ ကမ်းနားနယ် သာယာလှပစေရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရန်ကုန်နောက်ချန်)ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံအရာထမ်းများနှင့်အတူ နံနက်(၀၈:၁၅)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းနှင့် ရွှေဖီခိုင်ညှာလမ်းအကြား ငမိုးရိပ်ချောင်း ကမ်းနားနယ်တွင် “ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ-၁ ၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “ငမိုးရိပ်ချောင်း ကမ်းနားနယ်သာယာလှပရေး” လုပ်ငန်းအလျား ၈၀၀ ပေ ဆောင်ရွက်ထားရှိမှုများနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၃၀)ရပ်ကွက် ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်သာယာလှပရေး ဆောင်ရွက်ထားရှိမှုများအား သွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက  ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ဒုတိယဝန်ကြီးက ကမ်းနားနယ်သာယာလှပရေးလုပ်ငန်းတွင် ပါဝင်သည့် အများပြည်သူကျန်းမာရေးအတွက် လျှောက်လမ်းများတွင် မိုးရွာသွန်းမှုကြောင့် ရေတင်ကျန်မှု မရှိစေရေး၊ စိုက်ပျိုးထားသော မြက်ခင်းနှင့် အလှပန်းပင်များ ရှင်သန်မှုရှိစေရေး၊ ညအချိန် မီးအလင်းရောင်များရရှိစေရေး စသည့်လုပ်ငန်းကိစ္စရပ်များ နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အဆိုပါရပ်ကွက်များသည် ယခင်က ငမိုးရိပ်ချောင်းမှရေဝင်ရောက်မှုကြောင့် လူနေရပ်ကွက်နေအိမ်များအတွင်း ရေကြီးရေလျှံမှုဖြစ်သည့် နေရာများဖြစ်ပြီး ရပ်ကွက်နေပြည်သူများ ရေလျှံမှုဒုက္ခ ကြုံတွေ့နေရခြင်းကို ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယခုကဲ့သို့ ရန်ပုံငွေများ လျာထား သတ်မှတ်ပြီး “ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် ကမ်းနားနယ်သာယာလှပရေး” လုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့သဖြင့် ငမိုးရိပ်ချောင်းကမ်းနား သာယာလှပ လာခဲ့ပြီး ရပ်ကွက်မှပြည်သူများအတွက် ကမ်းနားတစ်လျောက် ကျန်းမာရေးလေ့ကျင့်ခန်းများ ပျော်ရွှင်ချမ်းမြေ့စွာ ဆောင်ရွက်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နံနက်(၁၀:၀၀)နာရီတွင် ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်နောက်ချန်ရုံးသို့ရောက်ရှိရာ၊ ဌာနမှဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်သွားကြရန်၊ တစ်ဦးချင်းကျန်းမာရေးကို အထူးဂရု စိုက်ကြရန်၊ သတင်း၊ စာရွက်စာတမ်း၊ အဆောက်အဦ လုံခြုံရေး အထူးအလေးထား ဂရုပြုကြရန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုတေးသီဆိုခဲ့သော အရာထမ်းများ၊ “မေတ္တာရေကြည်တစ်စက်” ပြဇာတ်တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသော ဝန်ထမ်းများအားလုံးကို ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုဂုဏ်ယူပါကြောင်းနှင့် အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ ဝန်ထမ်းများကို စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများနှင့်အတူ နေ့လည်စာသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန