နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ရန်ကုန်၊ ဧပြီ  ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည့် အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများ၊ ကျောင်းသားမိဘများ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဆင်းတပ်ခွဲကို စစ်ဆေးပြီး စစ်ရေးပြတပ်ခွဲများမှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း ရေကြောင်းဆုရ အရာရှိလောင်း အောင်ခန့်မင်း၊ စံပြအရာရှိလောင်း အင်ဂျင်နီယာဆုရ အရာရှိလောင်း ကောင်းခန့်လင်း ၊ စံပြအရာရှိလောင်း  လျှပ်စစ်နည်းပညာဆုရ အရာရှိလောင်း ထက်အာကာထွန်း၊ ကုန်သွယ်ရေကြောင်းအရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း မြတ်မင်းသန့်၊ အင်ဂျင်နီယာ အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ညီညီဗိုလ်၊ လျှပ်စစ်နည်းပညာ အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ဇေယျာအောင်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရ အရာရှိလောင်း ၆ ဦးနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံဂုဏ်ပြု အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသောဧည့်သည်တော်များ၊ တာဝန်ရှိသူများ၊ ကျောင်းဆင်းအရာရှိလောင်းများနှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးသည်။

ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၅) ရေကြောင်းအရာရှိ လောင်း ၉၀ ဦး၊ ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း ၈၀ ဦး၊ ရေကြောင်းလျှပ်စစ် နည်းပညာ အရာရှိလောင်း ၉ ဦး၊ စုစုပေါင်း ၁၇၉ ဦး တို့တက်ရောက်အောင်မြင်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ရေကြောင်းအရာရှိ ၈၇,၄၁၅ ဦး၊ အင်ဂျင်နီယာအရာရှိ ၂၉,၁၀၇ ဦးနှင့် အခြားအဆင့် သင်တန်းသားပေါင်း  ၁၅၅,၅၀၆ ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့အထိ ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူစုစုပေါင်း ၂၇၇,၆၉၅ ဦး တို့ကို လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သင်တန်းပြီးမြောက်ခဲ့သည့် အရာရှိလောင်းများအနက် လက်ရှိအချိန်တွင် ရေယာဉ်မှူးကြီး (Captain) အဆင့် ၆၆၀ ဦး၊ ကုန်းပတ်အရာရှိချုပ် (Chief Officer) အဆင့် ၆၇၀ ဦး၊ ဒုတိယတန်း ကုန်းပတ်အရာရှိ (Second Officer)အဆင့် ၆၇၇ ဦး၊ တတိယတန်း ကုန်းပတ်အရာရှိ (Third Officer) အဆင့် ၈၄၈ ဦး နှင့် အင်ဂျင်နီယာမှူးကြီး (Chief Engineer) အဆင့် ၆၄၆ ဦး၊ ဒုတိယတန်း စက်မှုလက်မှုအရာရှိ (2nd Engineer) အဆင့် ၆၅၀ ဦးနှင့် တတိယတန်း စက်မှုလက်မှုအရာရှိ (3rd Engineer) အဆင့် ၁,၅၁၆ ဦးတို့သည် နိုင်ငံတကာသင်္ဘောများပေါ်တွင် အဆင့်မြင့်တာဝန်များ အသီးသီး ထမ်းဆောင်လျက် ရှိနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန