နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

မန်နေ့နံနက်(၀၉:၃၀)နာရီအချိန်မှယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် မေလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် ကချင်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီ ဆဲလ်စီးယပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၅ ဒီဂရီဆဲလ်စီးယပ်မှ ၆ ဒီဂရီဆဲလ်စီးယပ်အထိ လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၂၅-၅-၂၀၂၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ခန္တီးမြို့တွင် ၃၉.၁ ဒီဂရီဆဲလ်စီးယပ်၊ မချမ်းဘောမြို့တွင် ၃၈.၀ ဒီဂရီ ဆဲလ်စီးယပ်၊ မင်းဘူးမြို့တွင် ၃၇.၅ ဒီဂရီဆဲလ်စီးယပ်၊ ဇောင်းတူမြို့တွင် ၃၇.၃ ဒီဂရီဆဲလ်စီးယပ်၊ ချောက်မြို့တွင် ၃၇.၂ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေးမြို့တွင် ၃၆.၈ ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် ၃၆.၆ ဒီဂရီဆဲလ်စီးယပ်နှင့် ရွှေဘိုမြို့၊ ကျောက်ဆည်(လွန်ကျော်)နှင့် တံတားဦး(လေကြောင်းမိုးလေဝသ)တို့တွင် ၃၆.၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ အိမ္မဲမြို့တွင် ၄.၇၂ လက်မ၊ ကျောက်ထုမြို့တွင် ၄.၂၀ လက်မ၊ ငပုတောမြို့တွင် ၃.၈၇ လက်မ၊ မိုးကုတ်မြို့တွင် ၃.၈၃ လက်မ၊ သိမ်ဇရပ်မြို့တွင် ၃.၆၂ လက်မ၊ ဟိုင်းကြီးကျွန်းမြို့ တွင် ၂.၉၉ လက်မ၊ မာန်အောင်မြို့တွင် ၂.၈၇ လက်မ၊ ဝါးခယ်မမြို့တွင် ၂.၇၄ လက်မ၊ ပုသိမ်မြို့တွင် ၂.၇၂ လက်မ၊ ရွှေကျင်မြို့တွင် ၂.၅၉ လက်မနှင့် ဥက္ကံမြို့တွင် ၂.၅၆ လက်မတို့ ဖြစ်ကြ ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ရီမယ်(လ်)” (REMAL)သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့(Maungdaw)၏ အနောက်-အနောက်တောင် ဘက် ရေမိုင် ၁၈၀ မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်၊ ကျောက်ဖြူမြို့ (Kyaukpyu)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၂၄၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ မွန်ဂလမြို့(Mongla)၏ တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ အရှေ့တောင်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက် တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင် များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၃ ပေမှ ၁၆ ပေ ခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက်အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                  မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                                     မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                                    မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။