ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (၁/၂၀၂၄) လေ့ကျင့်ဆောင်ရွက်ရန်ထွက်ခွာ

ရန်ကုန်  ဖေဖော်ဝါရီ ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် ပညာသင်ကြားလျှက်ရှိသော အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ်(၁၅)မှ ဒုတိယနှစ် ရေကြောင်းအရာရှိလောင်း(၉၀)ဦး နှင့် ဒုတိယနှစ် ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်း (၈၀)ဦး၊ ဒုတိယနှစ် ရေကြောင်းလျှပ်စစ်နည်းပညာ အရာရှိလောင်း(၉)ဦး၊ အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ် (၁၆)မှ ပထမနှစ် ရေကြောင်းအရာရှိလောင်း(၁၂၁)ဦး နှင့် ပထမနှစ် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း(၁၂၃)ဦး၊ ပထမနှစ် ရေကြောင်းလျှပ်စစ်နည်းပညာ အရာရှိလောင်း(၃၈)ဦး၊ စုစုပေါင်းအရာရှိလောင်း (၄၆)ဦးနှင့် နည်းပြများ/ အုပ်ချုပ်မှု အဖွဲ့ဝင်များ (၂၀)ဦး၊ စုစုပေါင်း (၄၈) ဦးတို့သည် တပ်မတော် စစ်ရေယာဉ် (ချင်းတွင်း)ဖြင့် ရန်ကုန်-ကိုကိုးကျွန်း-ဟိုင်းကြီးကျွန်း-ရန်ကုန် ခရီးစဉ်အတိုင်း ၂၃-၂-၂၀၂၄ ရက်နေ့မှ ၂-၂-၂၀၂၄ ရက်နေ့ထိ (၆)ရက်တာ ကာလအတွင်းတွင် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း( ၁ / ၂၀၂၄ )အား လေ့ကျင့်ဆောင်ရွက်ရန် ၂၃-၂-၂၀၂၄ရက်နေ့ (၀၉၀၀)နာရီတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှ သီလဝါ (Hyundai) ဆိပ်ခံတံတားသို့ မော်တော်ယာဉ်များဖြင့် စတင်ထွက်ခွာကြပါသည်။

အဆိုပါ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းခရီးစဉ်အား ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့်သည်  သီလဝါဆိပ်ခံတံတားသို့ လိုက်ပါ ပို့ဆောင်နှုတ်ဆက်ကြပါသည်။

ထို့နောက် အရာရှိလောင်းများ(၄၆၁)ဦး၊ နည်းပြများ/ အုပ်ချုပ်မှု အဖွဲ့ဝင်များ (၂၀)ဦး၊ စုစုပေါင်း (၄၈၁)ဦးတို့သည် တပ်မတော် စစ်ရေယာဉ်(ချင်းတွင်း)နှင့် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းစတင်ရန် (၁၄၀၀)ချိန်တွင် သီလဝါဆိပ်ကမ်းမှ ကိုကိုးကျွန်းသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။

အဆိုပါ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌  ခေတ်မီ Simulator များဖြင့် စာတွေ့သင်ကြားပြီးဖြစ်သော ရေကြောင်းဘက်ဆိုင်ရာ သွားလာမှု ဘာသာရပ်များ(Navigation)၊ ရေယာဉ်ကိုင်တွယ်ထိန်းသိမ်းရေး ဘာသာရပ်များ(Ship Handling)၊ မိုးလေဝသဘာသာရပ်များ(Meotrology)အပြင် ကြယ်၊ နက္ခတ်တာရာ ကြည့်ရူပြီး ရေယာဉ် တည်နေရာရှာဖွေခြင်း နှင့် လမ်းကြောင်းရွေးချယ်ခြင်း(Position Finding and Passage Planning) ဘာသာရပ်များ ရေကြောင်းအင်ဂျင်နှင့်လျှပ်စစ်နည်းပညာပိုင်းဆိုင်ရာ အသိပညာ၊ အတက်ပညာ ဘာသာရပ်များ၊ ရေယာဉ်တည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များနှင့် ပင်လယ်ပြင်တွင် တွေ့ကြုံနိုင်သော အခက်အခဲများအပေါ် ဘေးကင်းလုံခြုံရေး(Safety)ဘာသာရပ်များကို လက်တွေ့ လေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းတွင် စာတွေ့သင်ကြားပြီးဖြစ်သော ဘာသာရပ်များအား လက်တွေ့လုပ်ငန်းခွင်အတွက် ကြိုတင်လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကျောင်းဆင်းပြီးပါက  ကြုံတွေ့ရမည့် လုပ်ငန်းခွင်၌   အခက်အခဲမရှိ အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကာ ပင်လယ်ပြင်၏ သဘောသဘာဝ နှင့် ကြုံတွေ့မှုအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုခံနိုင်ရည် မြင့်မားလာစေနိုင်မည့် အားသာချက် အကျိုးကျေးဇူးများ ရရှိစေပါမည်။ အနာဂတ်တွင် နိုင်ငံတကာသင်္ဘောကြီးများ၌ အမြင့်ဆုံးရေယာဉ်မှူးကြီးရာထူး၊ ရေကြောင်းအင်ဂျင်နီယာမှူးကြီးများနှင့် ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ကမ္ဘာအနှံ့အပြား သွားလာနေသည့် နိုင်ငံတကာပိုင် သင်္ဘောများပေါ်တွင် အသီးသီး တာဝန်ထမ်းဆောင်နိုင်စွမ်းရှိသည့် စီမံခန့်ခွဲမှုမြင့်မားသော သင်္ဘောအရာရှိများအဖြစ်  လူစွမ်းအားအရင်းအမြစ်များအား လေ့ကျင့်ပျိုးထောင် ပေးလျှက်ရှိပါသည်။ ကောလိပ်အနေဖြင့်  ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်မှုအတတ် ပညာ၊ အရည်အသွေးအာမခံရှိမှုအပေါ် ရလဒ်အကျိုး ဖြစ်ထွန်းမှုကို ၁၉၆၃ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း (၆၀)ကျော်ကာလရှည်ကြာစွာ ဦးတည်မျှော်မှန်း မွေးထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။      

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းကြောင့် ပင်လယ်ပြင်တာဝန် ထမ်းဆောင်စဉ် ကျောင်းဆင်းအရာရှိလောင်းများအားလုံး နှစ်စဉ်ရာနှုန်းပြည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊ ကျောင်းဆင်းရေကြောင်းအရာရှိလောင်းများအနေဖြင့် ရေယာဉ်များ ပေါ်တွင်(၁၈)လနှင့် အင်ဂျင်နီယာ အရာရှိလောင်းများအနေဖြင့် (၉)လ တာဝန်ထမ်းဆောင်ပြီး တတိယတန်း အရာရှိများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်များ ရရှိမည်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်းပြီး (၁၀)နှစ်တာ ကာလအတွင်း အမြင့်ဆုံးရာထူးဖြစ်သော ရေယာဉ်မှူးကြီးများ၊ အင်ဂျင်နီယာမှူးကြီးများအဖြစ် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဆက်လက်ရရှိစေနိုင်မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

                                                                            မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်