ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာမီးရထား၏ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စီမံကိန်းလုပ်ငန်းခွင်နေရာများကို ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၁၉) ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ(၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့်(၁) ၏  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာဘူတာမှ ပဲခူးမြို့နယ်၊ ဘုရားကြီးဘူတာ အထိ စီမံကိန်းလုပ်ငန်းခွင် နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁) ၏ ပဲခူး-ညောင်လေးပင်လမ်းပိုင်း (CP-102)စီမံကိန်းရုံး၊ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ-စီမံ)နှင့် စီမံကိန်း တာဝန်ရှိသူများက ကြိုဆို ခဲ့ကြပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ အပိုင်း(၁)ဖြစ်သော ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို အပိုင်းလိုက် စီမံကိန်းအင်ဂျင်နီယာများက ရှင်းလင်းတင်ပြကြပါသည်။ ယင်းနောက် မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ-စီမံ)က စီမံကိန်း၏ သတ်မှတ်ကာလများအတိုင်း အချိန်မီပြီးစီးရေး ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ဆက်လက် တင်ပြပါသည်။ ထိုသို့တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အပိုင်းလိုက် စီမံကိန်း လုပ်ကွက်များ လျာထားသည့် သတ်မှတ်ကာလအလိုက် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေး၊ ပွင့်လင်းရာသီတွင် ပြီးစီးမှုရာခိုင်နှုန်း သိသာစွာ တိုးတက်စေရေး၊  စီမံကိန်း၏ အရည်အသွေး ပြည့်မီစေရန်အတွက် သတ်မှတ်ထားသည့် ဒီဇိုင်းမှန်ကန်မှု၊ စီမံကိန်းတွင် တည်ဆောက်ရေးပစ္စည်းများ မှန်ကန်စွာ အသုံးပြုမှု၊ လုပ်ငန်းခွင်၌ လုပ်သားများ၏ ကျွမ်းကျင်မှု စသည်တို့သည် အဓိက လိုအပ်ချက်များ ဖြစ်သောကြောင့် ဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့နှင့် စီမံကိန်းကန်ထရိုက်တာ အဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းအား အရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်စေရေး၊  ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဦးစားပေးလုပ်ငန်းအလိုက် အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို လမ်းညွှန် မှာကြားပြီး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သညပြွန်တန်ဆာဘူတာ၌ ပလက်ဖောင်းအသစ် တည်ဆောက်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီးနောက် Diesel Electric Multiple Unit-DEMU ရထားတွဲဆိုင်းသစ်ဖြင့် လိုက်ပါလျက် စီမံကိန်း၏ ပဲခူး-ညောင်လေးပင်အပိုင်း  ပြွန်တန်ဆာဘူတာမှ ဘုရားကြီးဘူတာအထိ မိုင် (၃၀)အတွင်း ရထားလမ်းတလျှောက် တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် တံတားအမှတ် (116-B) ဆောက်လုပ်မှုလုပ်ငန်းခွင်များကို စစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်များမှ ဝန်ထမ်းများ အား ရင်းနှီးစွာ နှုတ်ဆက်၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘုရားကြီးဘူတာသို့ရောက်ရှိပြီး ဘူတာမှ ဝန်ထမ်းများအား တွေ့ဆုံ၍ ရထားသွားလာမှု အခြေအနေ တင်ပြမှုအပေါ် ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် လူစီးရထား ရပ်တန့်ပေးနိုင်ရန် စီစဉ်ပေးရေးနှင့် ဘူတာ သန့်ရှင်းသပ်ရပ်ရေး၊ စနစ်တကျရှိရေး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန