ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ဌာနများရှိ မြန်မာ့မီးရထား၏ တံတားဘောင်အလုပ်ရုံ(မလွှကုန်း)၊ မလွှကုန်းဘူတာယာဒ်ဝန်း၊ ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)၊ မြန်မာ့မီးရထားဆေးရုံ(အင်းစိန်)နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာလ(၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့မီးရထား၊ တံတားဘောင်အလုပ်ရုံ (မလွှကုန်း)၊ မလွှကုန်းဘူတာယာဒ်ဝန်း၊  ဒီဇယ်စက်ခေါင်း စက်ရုံ(အင်းစိန်)၊ မြန်မာ့မီးရထားဆေးရုံ(အင်းစိန်)နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထား၊ တံတားဘောင်အလုပ်ရုံ (မလွှကုန်း)သို့ (၀၈၀၀)နာရီအချိန် ရောက်ရှိရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာမီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ တံတားဘောင် အလုပ်ရုံ(မလွှကုန်း) အလုပ်ရုံ ရှင်းလင်းဆောင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့မီးရထား ရုံးဌာန၊ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံလုပ်ငန်းဆိုင်ရာများကို ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခြင်း၊ အထွေထွေမန်နေဂျာ(မြို့ပြ)က မြန်မာမီးရထား ပြတိုက် ဆောက်လုပ်ရန် လျာထားသည့် မြေနေရာနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တံတားဘောင်အလုပ်ရုံ(မလွှကုန်း) လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့မီးရထားပြတိုက် ဆောက်လုပ်မည့် လျာထားမြေနေရာ(၃)ခုကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်)သို့ (၁၁၀၀)နာရီအချိန် ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ဒီဇယ် စက်ခေါင်းစက်ရုံ(အင်းစိန်) အစည်းအဝေး ခန်းမဆောင်တွင် အထွေထွေမန်နေဂျာ (စက်မှုနှင့်လျှပ်စစ်)က စက်ရုံ၏ လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယအထွေထွေမန်နေဂျာ(ဆေး) က မြန်မာ့မီးရထားဆေးရုံ(အင်းစိန်)၏ လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဒီဇယ်စက်ခေါင်း စက်ရုံ(အင်းစိန်)၏ လုပ်ငန်းခွင်သို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုတင်(၅၀)ဆန့် မြန်မာ့မီးရထား ဆေးရုံ(အင်းစိန်)သို့ ရောက်ရှိခဲ့ရာ ဆေးရုံမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီးနောက် ဆေးရုံရှိ ဆရာဝန်ကြီး၊ လက်ထောက် ဆရာဝန်နှင့် ဝန်ထမ်းများအား  တွေ့ဆုံပြီး၊ ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း သို့ ရောက်ရှိရာ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆို ခဲ့ကြပါသည်။ ထို့နောက် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ရှင်းလင်းခန်းမဆောင်တွင် ဦးဆောင်ညွှန်ကြားရေးမှူးမှ ရေယာဉ် တည်ဆောက်ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တန်ချိန် ၁၂၀၀၀ ရေလုံ လွန်းကျင်း နှင့် မြန်မာ့သင်္ဘောကျင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန