နေပြည်တော်၊ ဧပြီ ၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတို့မှ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ၌ မန္တလေးနှင့်စစ်ကိုင်းမြို့အကြား လူနှင့်ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်စေရေးအတွက် မန္တလေး (ရွှေကြက်ယက်)ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းတို့အကြား ကုန်တင်ကားကြီးများ မြစ်ကူးပို့ဆောင်ခြင်းကို ပုဂ္ဂလိကပိုင် ရေယာဉ်၊ တွဲရေယာဉ်များဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ အခမဲ့ဖြင့် ကုန်တင်ယာဉ် ၉၀၂ စီး၊ လူစီးမော်တော်ယာဉ်ငယ် ၅၅၁ စီး တို့ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။ ဧပြီလ ၇ ရက်နေ့မှစ၍ ကယ်ဆယ်ရေးပစ္စည်း သယ်ယူပို့ဆောင်သည့် ကုန်တင်ယာဉ်များအား အခမဲ့ဖြင့် ဆက်လက်ပို့ဆောင်ပေးလျက်ရှိပြီး ကျန်ပုဂ္ဂလိကကုန်တင်ယာဉ်များကို သတ်မှတ်နှုန်းထားဖြင့် ကောက်ခံပြေးဆွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ဧရာဝတီမြစ်ကူးတံတား ရတနာပုံနှင့် အင်းဝတံတားတို့ပေါ်မှ သွားလာမှု အခက်အခဲဖြစ်ပေါ်နေမှုကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။
အလားတူ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၌ လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ၊ ရိက္ခာနှင့်ဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်ပို့ဆောင်ပေးမည့် နိုင်ငံတကာမှ ကယ်ဆယ်ရေးလေယာဉ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ၂၉-၃-၂၀၂၅ ရက်မှစတင်၍ နေ့စဉ်ဆင်းသက်လျက်ရှိရာ ယနေ့အထိ စုစုပေါင်း လေယာဉ် ၉၂ စီး ဆင်းသက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၅၁၈.၂၈၉ တန် ရောက်ရှိပြီးဖြစ်ပါသည်။ အဆိုပါ ပြည်ပမှလာရောက်သည့် ကယ်ဆယ်ရေးလေယာဉ်များအတွက် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများကို လူအင်အား စက်ယန္တရားအင်အားဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းကလည်းကောင်း၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီကလည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် MC- Jalux Airport Services ကုမ္ပဏီက လည်းကောင်း အခမဲ့ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အပြင် အဆိုပါ မန္တလေး နှင့် နေပြည်တော်လေဆိပ်များအား လိုအပ်သည့် ပြုပြင်မွမ်းမံမှုများကို ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းလေယာဉ်ခရီးစဉ်များကို ၄-၄-၂၀၂၅ ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း၊ ၅-၄-၂၀၂၅ ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း ပြန်လည်ဆင်းသက်ခွင့်ပြုခဲ့သည့်အတွက် မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း၊ မင်္ဂလာလေကြောင်း၊ အဲယား သံလွင်လေကြောင်းလိုင်းတို့မှ ခရီးစဉ်များ ပုံမှန်ပျံသန်းပေးလျက်ရှိရာ ၄ ရက်တာ ကာလအတွင်း လေယာဉ်ခရီးစဉ်ခေါက်ရေ ၅၀ ပြေးဆွဲပေးနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန