ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တည်ထောင်သည့် ၁၈၇၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့မှစ၍ နှစ်စဉ်အောက်တိုဘာလ (၉) ရက်နေ့ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ် ပါဝင်ကျင်းပလျှက်ရှိပါသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂနှင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၉၇၁ ခုနှစ်မှ စတင်၍ အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကမ္ဘာနှင့်တဝှမ်း နှစ်စဉ်ကျင်းပလေ့ရှိရာ ယခု ၂၀၂၅ ခုနှစ်တွင် (၅၄) ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော အသက်(၁၅)နှစ်နှင့် အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၁ - ၂ -၂၀၂၅) ရက်နေ့ တွင် မြန်မာနိုင်ငံတဝှမ်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်ရမည့် ခေါင်းစဉ်မှာ " Imagine you are the ocean. Write a letter to someone explaining why and how they should take good care of you." ( သင်ကိုယ်သင် ပင်လယ်သမုဒ္ဒရာအဖြစ် စိတ်ကူး၍ သင့်ကိုမည်သည့်အတွက်ကြောင့် ကောင်းစွာဂရုစိုက်သင့်ကြောင်းနှင့် မည်သည့်နည်း လမ်းများဖြင့် ကောင်းစွာဂရုစိုက်သင့်သည်ကို တစ်စုံတစ်ဦးထံသို့ ပေးစာတစ်စောင်ရေးသားရန်) ဖြစ်ပြီး အခြေခံပညာအဆင့်တွင် ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း (၅၁၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
ရရှိလာသည့် ပြိုင်ပွဲဝင်စာမူ (၅၁၈) စောင်ကို ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်သည့် အကဲဖြတ်အဖွဲ့ဖြင့် စိစစ်အကဲဖြတ်ခဲ့ပြီး ပြည်တွင်းအဆင့် ပထမဆုကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်း Grade-7 မှ မဝင်းလဲ့ရွှေရည် ကလည်းကောင်း၊ ဒုတိယဆုကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ အ-ထ-က (၂) ပြွန်တန်ဆာ Grade-5 မှ မနှင်းအိရွှေရည် ကလည်းကောင်း၊ တတိယဆုကို မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း (က.ပ.စ (၂၀)) Grade-6 မှ မောင်ဇော်သူရ ကလည်းကောင်း၊ အထူးဆုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အ-ထ-က (၅) Grade-7(A)မှ မမိုးပြည့်စုံကြွယ် တို့ကလည်းကောင်း ရရှိခဲ့ပါသည်။ အဆိုပါ အကဲဖြတ်အဖွဲ့၏ စိစစ်ရွေးချယ်ချက်အရ ပြည်တွင်းအဆင့် ပထမဆုရစာမူကို ယူပီယူမှကျင်းပသည့် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာပါသည်။

