Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ e-Learning Center ခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား ( ၅၆  )ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ သင်တန်းကျောင်း ကျောင်းအုပ်က နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဌာနအသီးသီးက ဝန်ထမ်းများ ICT နည်းပညာနဲ့ စွမ်းဆောင်ရည် မြှင့်တင်စေရန် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက်နည်းပညာ၊ အင်တာနက် ပရိုတိုကောလ်လိပ်စာစီမံခန့်ခွဲခြင်း (IP Address Management)၊ LAN/WAN ကွန်ရက်များ ချိတ်ဆက်ခြင်းနှင့် အခြေခံ Switching/Routing နည်းပညာများကို စာတွေ့ လက်တွေ့ လုပ်ဆောင်နိုင်မည်ဖြစ်၍ ရုံးတွင်းနက်ဝက်(LAN) ချိတ်ဆက်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင် စေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ပြီး၊ Responsive Web Design using Bootstrap သင်တန်း သည် Website စာမျက်နှာများ၏ Layout Design များကို Screen size ပေါ်မူတည်၍ လှပသေသပ်သော ဒီဇိုင်းများ ဖန်တီးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်နှင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားလေ့လာကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

   Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်းများသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။