The Future CIO Leader သင်တန်းဖွင့်ပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း (ဒုတိယအကြိမ်) The Future CIO Leader သင်တန်း၏ သင်တန်းဖွင့်ပွဲကို မတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ်နှင့်တကွ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ CIO/ACIO များနှင့် e-Government လုပ်ငန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်းများ စုစုပေါင်းသင်တန်းသား (၃၃) ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Chief Information Officer (CIO) တစ်ယောက်အနေဖြင့် Enterprise IT ကို စီမံခန့်ခွဲရန်နှင့်  လုပ်ငန်းစွမ်းဆောင်ရည်များ တည်ဆောက်ရန်အတွက် IT ခေါင်းဆောင်၏ အရည်အချင်းနှင့် အတွေးအခေါ်ရှိရန် ကြိုးစားဖို့လိုအပ်ကြောင်း၊ CIO Skillset များဖြစ်သည့် IT အုပ်ချုပ်ရေး (IT Governance)၊ မဟာဗျူဟာ (Strategy)၊ စီးပွားရေးအမြင်နှင့် မဟာဗျူဟာကို ထိရောက်သော လုပ်ငန်းပြောင်းလဲမှု (Enterprise Architecture)၊ ဝန်ဆောင်မှုနှင့် အစုစုစီမံခန့်ခွဲမှု (Service Management and Portfolio Management)  စသည့် အကြောင်းအရာများကို လေ့လာရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရန်အတွက် e-Government စနစ်သည် ထိရောက်သည့် အထောက်အကူတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   The Future CIO Leader ဘာသာရပ်သည် CIO များ၏ တာဝန်ဝတ္တရားများ၊ သတင်းအချက်အလက်နှင့်နည်းပညာကို အခြေခံသည့် CIO တစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်သည့် Skills and Competencies များ၊ Digital Government စနစ်အား မောင်းနှင်ရာတွင် အခြေခံလိုအပ်သည့် Fundamental များ၊ Emerging Technologies များ၊ ဆန်းသစ်တီထွင်နိုင်မှုစွမ်းရည်များ၊ CIO/ACIO များ အနေဖြင့် ကြုံတွေ့ရတတ်သည့် စိန်ခေါ်မှုများနှင့် ဖြေရှင်းပုံ နည်းလမ်းများ၊ နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသော Best Practice များနှင့် အုပ်ချုပ်မှုပုံစံများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

   The Future CIO Leader သင်တန်းသည် သင်တန်းကာလအနေဖြင့် (၂၅-၃-၂၀၂၄) မှ (၂၈-၃-၂၀၂၄) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။