ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက်

          ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပါသည်။ အခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရေနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အဆင့်မြင့် ကိုယ်စားလှယ်များ၊ မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ သုတေသနပညာရှင်များ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရေနှင့်ဆက်နွယ် သည့် ဌာနအဖွဲ့အစည်းများမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          ဖွင့်ပွဲအခမ်းအနားတွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ဝန်ကြီးများနှင့် ကမ္ဘာ့ကုလသမဂ္ဂ Under Secretary General တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားကာ ဖိုရမ်ကို ဖွင့်လှစ်ပေးပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုဖိုရမ်သည် အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် မဲခေါင်-လန်ချန်း မြစ်ဝှမ်းဒေသနိုင်ငံများ၏ အတွေ့အကြုံနဲ့ ဗဟုသုတများကို မျှဝေရန်နှင့်  အလားအလာရှိသော ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် အလွန်ကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါများကြွယ်ဝသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း  ယခုနောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ခံစားရလျက် ရှိကြောင်း၊ အနည်ပို့ချခြင်း၊ သောက်သုံးရေ ရှားပါးခြင်းနဲ့ ရေအရည်အသွေးဆိုင်ရာ ပြဿနာများ စသည့် ထပ်ဆောင်း စိန်ခေါ်မှုများလည်း နိုင်ငံတစ်ဝှမ်း ကြုံတွေ့ရလျက် ရှိကြောင်း၊ ယင်းစိန်ခေါ်မှုများသည် မြန်မာနိုင်ငံနည်းတူ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံအားလုံးတွင်လည်း ကြုံတွေ့နေရသည့် ကိစ္စရပ်များဖြစ်သည့်အတွက် ဖိုရမ်သို့ တက်ရောက်လာသူများ အနေဖြင့် အဆိုပါ စိန်ခေါ်မှုများ ဖြေရှင်းရေးကို မြန်နိုင်သမျှ မြန်မြန်၊ များနိုင်သမျှ များများ ဆောင်ရွက်နိုင်ရေးကို အလေးအနက်ထည့်သွင်း စဉ်းစားစေလိုကြောင်း ဦးစွာပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားခြင်းဖြစ်၍ ရေအရင်းအမြစ် စီမံခန့်ခွဲမှုသည် မိမိတို့နိုင်ငံသားများ၏ နေ့စဉ် အသက်မွေးဝမ်းကျောင်းမှု အတွက် ခွဲခြား၍ မရအောင် အရေးပါလျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှုတွင် သာမက နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံ (3rd Asia-Pacific Water Summit) ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါကြောင်း၊ ညီလာခံ၌ ကောင်းမွန်သော ရေသံသရာ စီမံခန့်ခွဲမှု၊ စီမံအုပ်ချုပ်မှုနှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု၊ ရေနှင့်ဆက်နွယ်သော ရေရှည် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ လက်ရှိတွင်လည်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ရေကြီးမည့် ကြိုတင်သတိပေးစနစ်ကို အထောက်အကူပြုမည့် မိုးရေချိန်တိုင်း ကိရိယာများ တပ်ဆင်ခြင်းစီမံကိန်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ရေအရင်းမြစ် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖိုရမ်တွင် ဆွေးနွေးသည့် ရလဒ်များကတစ်ဆင့် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှု (၅)နှစ် စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ဒေသတွင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်းနှင့် တရုတ်နိုင်ငံက ရေအရင်းအမြစ် စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ ကူညီမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ဒီဇင်ဘာလ(၇)ရက်နေ့ နေ့လယ်ပိုင်းနှင့် ဒီဇင်ဘာလ(၈)ရက်နေ့တို့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများတွင် နယ်စပ်ဖြတ်ကျော် မြစ်များဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် သတင်း အချက်အလက် မျှဝေမှု၊ မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှု လူငယ်ဖိုရမ်၊ ရေအရင်းအမြစ် ထိန်းသိမ်းမှုနှင့် အစိမ်းရောင် ဖွံ့ဖြိုးမှု၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှု၊ ကျေးလက်ဒေသ ရေထိန်းသိမ်းမှုနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်မှု၊ စဉ်ဆက်မပြတ် ရေအားလျှပ်စစ် ထုတ်လုပ်မှုနှင့် စွမ်းအင်ဖူလုံမှု စသည့် အကြောင်းအရာ(၆)ခုကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန