ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၂၀၂၃ ခုနှစ် ၊ မတ်လ ၆

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနား၊ ပြပွဲနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ဦးဆောင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ၆-၃-၂၀၂၃ ရက်နေ့က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် မတ်လ(၂၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကော်မတီမှကြီးမှူးပြီး ၂၀၁၄ ခုနှစ်မှစ၍ ကိုဗစ်-၁၉ ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်အထိ (၆) ကြိမ်တိုင်အောင် နှစ်စဉ် ကျင်းပခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များအား စီမံဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၁၂-၁၂-၂၀၂၂ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၃ ခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်မှာ ရေဆိုင်ရာ အချက်အလက်များ ဖြည့်ဆည်းရန် “အရှိန်အဟုန်မြှင့် ရှေ့သို့ ကြိုးပမ်းပြောင်းလဲဆောင်ရွက်ခြင်း  Acceleration Changes” ဖြစ်ပါ ကြောင်းနှင့် ယခုနှစ်အတွက် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနားပြပွဲနှင့် ဘာသာရပ် ဆိုင်ရာဆွေးနွေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။

အစည်းအဝေးတွင် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးလုပ်ငန်းများ ပြခန်းများနှင့် Power Point Presentation များပါဝင်ပြသနိုင်ရေး၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တက်ရောက်လာသူ များမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။  

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန