နေပြည်တော်၊ မတ်လ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscongress Investment ရန်ပုံငွေအဖွဲ့ ဒါရိုက်တာမစ္စတာရှတီရော့ဖ် အလက်စ်ဇန်းဒါးဆာဂီးဗစ်ရှ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဆက်ဆံရေးကောင်းမွန်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရထား၊ ရေကြောင်း၊ လေကြောင်း စသော ပို့ဆောင်ရေးကဏ္ဍများနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းရေးကိစ္စရပ်များ၊ လျှပ်စစ်ရထား၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ကျွမ်းကျင်သူပညာရှင်များအကြား အပြန်အလှန် ဆွေးနွေးနိုင်ရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဘက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscongress Investment ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန