နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား တွေ့ဆုံ

၁၂-၅-၂၀၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများဖြစ်သော ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာအမျိုးသားလေကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်တို့မှ ဝန်ထမ်းများအား တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက် အပါအဝင် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာရန်၊  စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်၍ ဌာနအကျိုးကို သယ်ပိုးနိုင်သူများ ဖြစ်လာစေရေး ကြိုးပမ်း အားထုတ်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ဌာနအသီးသီး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်၊ စွမ်းဆောင်ရည်သတ်မှတ်ချက်များအတိုင်း အစဉ်နှလုံးသွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသည့် ဆောင်ပုဒ်အတိုင်း မိမိတိုင်းပြည်အပေါ် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ ယင်းနောက် ဌာနအသီးသီးက တင်ပြသော လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများ၊ ဝန်ထမ်းများနှင့်စပ်လျဉ်းသည့် သက်သာချောင်ချိရေး၊ နေထိုင်ရေး၊ ကျန်းမာရေးအခက်အခဲများ၊ လိုအပ်ချက်များအား  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်သူလူထုအား ဝန်ဆောင်မှုများ ပေးနိုင်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး၊ ယာဉ်ရပ်နားကွင်း၊ စစ်ဆေးရေးကွင်းများ အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ဖြည့်တင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန