ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှု ၊ ပင်းပက် - နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှု၊ သာစည် - နေပြည်တော် ရထားလမ်းပိုင်းနှင့် ဘူတာများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ်  ၃၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းအမှတ် (၄)၊ (၅)နှင့် (၁၁) တို့မှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှု ၊ ပင်းပက် - နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု ၊ ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှု ၊ သာစည် - နေပြည်တော် ရထားလမ်းပိုင်း၏ လက်ရှိ အခြေအနေနှင့် ဘူတာများကို စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေအား သာစည်ဘူတာမှ ပန်းအိုင်ဘူတာထိ RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်းအတွင်း ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ် အကွာအဝေးအတိုင်း ထည့်သွင်းရန်၊  အရည်အသွေးပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန် စံညွှန်း အတိုင်း ထည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ရထားလမ်း တာဘောင် ကျဉ်းသော နေရာများ၊ ရေတိုက်စားထားသော နေရာများတွင် လမ်းပိုင်းကြံခိုင်မှု ကောင်းမွန်အောင် ပြုပြင် ဆောင်ရွက်သွားရန်၊ ရထားလမ်းဘေးရှိ တော၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပင်းပက် - နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု အခြေအနေအား ဆက်လက် စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေသည့် အပိုင်းအလိုက် သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်း တံတားနှင့် Box Culvert များ တည်ဆောက်ရာ၌  စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစေရေး Quality Control အား အလေးထား ဆောင်ရွက်ရန်၊ တာဘောင်မြင့်သည့် နေရာများတွင် Toe Wall များ တည်ဆောက်ရန်၊  သံလမ်း၊ ကွန်ကရစ်ဇလီဖား ခင်းခြင်းနှင့် လမ်းခင်းကျောက် ထည့်သွင်းခြင်း လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်သွားရန် ၊ သံလမ်းခင်းရာတွင်လည်း သတ်မှတ်ထားသည့် Gradient နှင့် ကွေ့များတွင် Alignment  မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီဖောက်လုပ် ပြီးစီးအောင် ဆောင်ရွက်ရန် တို့ကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေညောင် - အေးသာယာ - ပေါမူ - ထီသိမ် - ရေထွက်ဦး - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုအခြေအနေအား ဆက်လက်စစ်ဆေးကာ ရထားလမ်းအတွင်း ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းရန်၊ အရည်အသွေး ပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ထည့်သွင်း ဆောင်ရွက်ရန်၊ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ တာဘောင်မြင့်သည့် နေရာများတွင် Toe Wall များ တည်ဆောက်ရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် သာစည် - နေပြည်တော် ရထားလမ်းပိုင်းကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ လက်ရှိရထားလမ်းပိုင်း၏ အခြေအနေ၊ အဆိုပါ ရထားလမ်းပိုင်းရှိ ဘူတာများနှင့်  ဘူတာယာဒ်ဝင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘူတာများ သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ မြက်၊ ချုံနွယ်များ မရှိစေရေး ၊ ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း ပန်းအလှပင်များ စိုက်ပျိုးရေး၊ အရည်အသွေး ပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ် စံချိန်စံညွှန်းအတိုင်း ထည့်သွင်း၍ စနစ်တကျ ပက်ကင်ရိုက်ခြင်းများ ဆောင်ရွက်ရေး၊ အဆိုပါလမ်းပိုင်းတွင် အမြန်နှုန်း တိုးမြှင့်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်း ကြံ့ခိုင်မှု ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေး တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန