၂၀၁၉ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ နေပြည်တော်ဘူတာကြီး ပရဝုဏ်ရှိ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) အနီး၌ကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ နေပြည်တော်ဘူတာကြီး ပရဝုဏ်ရှိ စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်)အနီး၌ ၂၀၁၉ခုနှစ်၊ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးနှင့် ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးသည် လူသားအားလုံးအတွက် အထူးပင်အရေးကြီးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုသည် ရာသီဥတုအခြေအနေများကိုပါ ပြောင်းလဲသွားစေနိုင်ကြောင်း၊ သစ်ပင်များရှင်သန်ကြီးထွားလာခြင်းဖြင့် လူအများကောင်းကျိုး၊ ခရီးသွားလာသူတွေအတွက် ကောင်းကျိုး၊ မြေဆီလွှာ၏ကောင်းကျိုး၊ မိုးလေဝသကောင်းကျိုးကို ရရှိမှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသွားရမှာ ဖြစ်ကြောင်း၊ သစ်ပင်များကို စိုက်ပျိုးရုံမဟုတ်ဘဲ မိမိတို့စိုက်ပျိုးခဲ့သည့်အပင်များအား ရှင်သန်ကြီးထွားလာ အောင်ပြုစုပျိုးထောင်သွား ရမှာဖြစ်ကြောင်း၊ တစ်ချိန်က ကမ္ဘာ့ဈေးကွက်တွင် အဆင့်အမြှင့်ဆုံး ရပ်တည်နိုင်ကဲ့သလို အကောင်းဆုံကျွန်းသစ်အဖြစ် ပြန်လည်ရပ်တည် နိုင်အောင် ကြိုးစားစိုက်ပျိုး သွားကြရမှာဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲလာမှုတွေကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ သစ်ပင်များဟာ အရေးကြီး တဲ့ကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါကြောင်း၊ ယခုစိုက်ပျိုးသည့်သစ်ပင်များ ဆက်လက် ရှင်သန်လာအောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားကြရန် မှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ဇနီးများမှ ရတနာတန်းဝင်ကျွန်းပင်များအား စိုက်ပျိုးပေးကြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနလက်အောက်ရှိ အရာထမ်း/ အမှုထမ်းများ၏ ရတနာတန်းဝင်ကျွန်းပင်များအား တစ်ပျော်တစ်ပါးစိုက်ပျိုးနေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် (၂၀၀) အား စိုက်ပျိုးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။