နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

မန်နေ့နံနက်(၀၉:၃၀)နာရီအချိန်မှယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် ချင်းပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ်လျော့နည်း ခဲ့ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်နှင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၄.၃ ဒီဂရီဆဲလ်စီးယပ်၊ မြစ်ကြီးနားမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ၅.၂ ဒီဂရီဆဲလ်စီးယပ်စီ၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၅.၄ ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် ၅.၆ ဒီဂရီဆဲလ်စီးယပ်၊ မချမ်းဘောမြို့တွင် ၇.၆ ဒီဂရီဆဲလ်စီးယပ်၊ ဟဲဟိုးမြို့တွင် ၇.၈ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့တွင် ၈.၅ ဒီဂရီဆဲလ်စီးယပ်၊ မိုင်းယန်းမြို့တွင် ၉.၅ ဒီဂရီဆဲလ်စီးယပ်နှင့် ခန္တီးမြို့တွင် ၉.၉ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်-တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ)တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ပါဘက်” (PABUK)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                        အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်                                           အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်                                          အများအားဖြင့် သာယာမည်။