ရန်ကုန်၊ မတ် ၂၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ပြုလုပ်သည့် ပထမဦးဆုံးအကြိမ် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ် စတင်ခြင်းအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ Asia World Port Terminal (AWPT) ဆိပ်ကမ်းတံတား၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ကုန်သေတ္တာဆိပ်ကမ်းတံတားများနှင့် ကုန်သေတ္တာသင်္ဘောလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် အစီအစဉ်အရ ပထမဦးဆုံး Transshipment ကုန်သေတ္တာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိပ်ကမ်းများသို့ ပို့ဆောင်မည့် MV. SITC Yuanming သင်္ဘောပေါ်သို့ စတင်တင်ဆောင်ခြင်း အခမ်းအနားကို ကြည့်ရှုအားပေးခဲ့ကြပြီး Asia World ဆိပ်ကမ်းတံတားအတွင်း ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပထမဦးဆုံးအကြိမ် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ် စတင်ခြင်း အခမ်းအနားအား ဆိပ်ကမ်းတံတားခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်ကမ်းရိုးတန်း တစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) နည်းလမ်းကို အသုံးပြုပြီး ဒေသတွင်းကြားခံဆိပ်ကမ်း (Transit Port) အဖြစ် ဆောင်ရွက်နိုင်မည့် အနေအထားရှိပါကြောင်း၊ ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လက်ရှိအခြေအနေတွင် ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ကုန်သေတ္တာ TEU ၂,၆၀၀ ခန့်အထိ သယ်ဆောင်နိုင်ပြီး၊ ရေစူး ၁၀.၅ မီတာအထိရှိသည့် တန်ချိန် ၅၀,၀၀၀ သင်္ဘောကြီးများကို ဝင်/ထွက် လက်ခံဝန်ဆောင်မှု ပေးလာနိုင်ပြီဖြစ်ကြောင်း၊ ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လာနိုင်မည်ဆိုပါက နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ပဲနှင့်ပြောင်း ဈေးကွက်ဝေစု ပိုမိုရရှိပြီး ပိုမိုတင်ပို့နိုင်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု တိုးတက်လာခြင်းနှင့်အတူ နိုင်ငံသားပိုင် ကမ်းရိုးတန်းသွား သင်္ဘောလုပ်ငန်းများလည်း တစ်ပါတည်း တိုးတက်လာမည့် အနေအထားကို မျှော်မှန်းတွေ့ရှိရကြောင်း၊ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် လက်ရှိကုန်သေတ္တာကိုင်တွယ်ရရှိမှုပမာဏ တစ်နှစ် TEU ၈ သိန်း ပမာဏထက် ပိုမိုတိုးတက် ကိုင်တွယ်လာနိုင်မည်ဖြစ်၍ နိုင်ငံ၏ဝင်ငွေဖြစ်သည့် ဆိပ်ကမ်းဝင်ငွေသည်လည်း တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ မကြာသေးမီက နိုင်ငံတော်အကြီးအကဲ၏ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည့် ခရီးစဉ်တွင် လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း ဆိပ်ကမ်းတံတားများနှင့် ချိတ်ဆက်ပြီး ကုန်စည်တင်ပို့/ထုတ်ယူကြသည့် မော်တော်ယာဉ်များ အချိန်ကိုက်ဝင်ထွက်နိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် မြစ်တွင်းမှ Barge ရေယာဉ်များဖြင့် ချိတ်ဆက်သယ်ပို့ခြင်းအပြင် ကုန်းလမ်းမှ ကား၊ ရထားတို့ဖြင့် သယ်ပို့ခြင်းစသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများ ပေါင်းစပ်ပြီး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Stakeholder များအားလုံးက ပူးပေါင်းပါဝင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန