(ရန်ကုန်၊ ၂၀၂၅ ခုနှစ် မတ်လ ၂၉ရက်) _ မတ်လ (၂၈) ရက်က မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျု ၇.၇ အဆင့် အင်အားပြင်း ငလျင်ကြောင့် ငလျင်ဘေးကြုံတွေ့ခံစားနေရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံ ပြည်သူများနှင့်ထပ်တူ MPT က များစွာစိတ်မကောင်း ဖြစ်ရပါသည်။ အဆိုပါ ငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နေရာအချို့မှ MPT သုံးစွဲသူများအနေဖြင့် တယ်လီဖုန်းခေါ်ဆိုခြင်းအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု အခက်အခဲ အချို့ ဖြစ်ပေါ်ခဲ့ပါသည်။
MPT အနေဖြင့် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် သုံးစွဲသူများ၏ တယ်လီဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုအခက်အခဲကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ယခုကဲ့သို့ ခက်ခဲသောကာလတွင် လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုတစ်ရပ်အနေဖြင့် MPT က ငလျင်ဘေးဒဏ်ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT အချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၇၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၇၀၀ ကို ပေးအပ် သွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို (၇)ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
MPT-KSGM JO ၏ Co-CEO ဖြစ်သူ Mr. Kazuhiko MASUDA က “MPT က အခုလတ်တလောဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဒေသခံပြည်သူတွေနဲ့ အမြဲအတူရှိနေမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ နဂိုအတိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်စေဖို့ ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်နေပြီး တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ စိတ်ရှည်သည်းခံပေးမှုနဲ့ နားလည်ပေးမှုအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်” ဟုပြောကြားခဲ့ပါသည်။
MPT အနေဖြင့် သဘာဝဘေးအန္တရာယ်အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည်များကို အဆင်ပြေအောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ ငလျင်ဘေးဒဏ်ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ သုံးစွဲသူများအား ယခုပေးအပ်မှုကို အသုံးပြုရန် တိုက်တွန်းအပ်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက MPT Call Center -၁၀၆ ကို ခေါ်ဆိုခြင်း (သို့မဟုတ်) MPT ၏ တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ခြင်းဖြင့် လေ့လာသိရှိနိုင်ပါသည်။
“အတူလက်တွဲ အမြဲရှိမည် MPT”