MPT က ငလျင်ကြောင့်   အခက်အခဲကြုံတွေ့ခံစားနေရသည့် ဒေသရှိ ပြည်သူများနှင့် ဝန်ထမ်းများအတွက် ကျပ်သိန်း (၁,၀၀၀) နီးပါ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို  လှူဒါန်း

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်) – မတ်လ (၂၈) ရက်က မြန်မာနိုင်ငံတွင် မဂ္ဂနီကျု ၇.၇ အဆင့် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံ ပြည်သူမျာအား ထိခိုက် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး MPT က အဆိုပါဒေသရှိ ပြည်သူများနှင့် ဝန်ထမ်းများအား ပံ့ပိုးကူညီရန်အတွက် လျင်မြန်စွာ ဆောင်ရွက်ခဲ့ပါသည်။ MPT သည် ၎င်း၏ လူမှုအကျိုးပြု လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အမြန်ကောင်းမွန်လာစေရန်နှင့် ငလျင်ကြောင့်   အခက်အခဲ ကြုံတွေ့ခံစားနေရသည့် ဒေသများသို့ ပံ့ပိုးကူညီမှုများ ဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့  ငလျင်ကြောင့်   အခက်အခဲကြုံတွေ့ခံစားနေရသည့် ဒေသရှိ ပြည်သူများအတွက် ၎င်းတို့၏ ချစ်ခင်ရသူများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် ရည်ရွယ်၍ MPT က တတိအကြိမ်အဖြစ် အခမဲ့ အကန့်အသတ်မရှိ Viber အသုံးပြုမှု (စာတိုပေးပို့မှုအတွက်သာ) နှင့် MPT အချင်းချင်း အခမဲ့ စာတိုပေးပို့ခွင့် (SMS) အစောင် ၁,၀၀၀ ကို ဧပြီလ (၁၂) ရက်မှ (၂၂)ရက်အတွင်း အသုံးပြုနိုင်ရန် ထပ်မံပေးအပ်လျက်ရှိပါသည်။  

MPT သည် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်နေသည့်အပြင် ငလျင်ကြောင့်   အခက်အခဲကြုံတွေ့ ခံစားနေရသည့် ဒေသရှိ ပြည်သူများနှင့် ဝန်ထမ်းများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း ကျပ် သိန်း (၄၀၀) တန်ဖိုးရှိ  အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ငွေကြေးထောက်ပံ့မှုများအပါအဝင် မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ မတ်လ ၃၀ ရက်တွင်လည်း အဆိုပါဒေသရှိ ဝန်ထမ်းများအတွက် ကျပ် သိန်း (၃၀၀) ကို ပံ့ပိုးကူညီပေးခဲ့ပြီး ဖြစ်ပါတယ်။

ထို့အပြင် MPT ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ငလျင်ကြောင့်   အခက်အခဲကြုံတွေ့ခံစားနေရသည့် ဒေသရှိ ပြည်သူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများသို့ ကျပ် သိန်း (၂၇၀) နီးပါး လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ယနေ့အထိ MPT က ငလျင်ဘေးသင့် ဒေသများရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အတွက် စုစုပေါင်း ကျပ်သိန်း (၁,၀၀၀) နီးပါးကို ပံ့ပိုးကူညီပေးခဲ့ပြီး ဖြစ်ပါသည်။

ဧပြီလ (၄) ရက်နှင့် (၁၁) ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ MPT ဝန်ထမ်းများ၏ မိသားစုဝင်များအပါအဝင် အိမ်ထောင်စု (၄၀၀) ကျော်သို့ အစားအသောက်များ၊ ရွက်ဖျင်တဲများ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် အခြားလိုအပ်သော ပစ္စည်းများကို MPT စေတနာဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။

ငလျင်ကြောင့်   အခက်အခဲကြုံတွေ့ခံစားနေရသည့် ဒေသများမှ သုံးစွဲသူများ အခက်အခဲမရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ရရှိစေရန်နှင့် အဆင်ပြေစေရန်အတွက် MPT အနေဖြင့်

  • နေပြည်တော်ကောင်စီနယ်မြေတွင် ရွေ့လျားမိုဘိုင်းယာဉ်အားတပ်ဆင်ပေးခြင်း
  • ဝန်ဆောင်မှုများ အမြန်ကောင်းမွန်စေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း
  • ဝန်ဆောင်မှုများ အဆင်ပြေစွာ ရရှိစေရန်အတွက် MPT Own Shop များ ပြန်လည်ဖွင့်လှစ်ပေးထားခြင်းတို့ကို စီမံ ဆောင်ရွက်ပေးလျက်ရှိပါသည်။

MPT လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အကြံပေးအရာရှိ ဖြစ်သူ Mr. Naoki Shimane က “မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်က ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအပါအဝင် ဒေသခံပြည်သူတွေကို ထိခိုက်ပျက်စီးမှုနဲ့ ဆုံးရှုံးမှုတွေ သိသိသာသာဖြစ်ပေါ်စေခဲ့ပါတယ်။”

“ကျွန်တော်တို့အနေနဲ့လည်း အခက်အခဲကြုံတွေ့ခံစားနေရတဲ့ ဒေသခံပြည်သူတွေနဲ့ထပ်တူများစွာ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေဖို့နဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်သွားဖို့ ကတိပြုပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအနေနဲ့လည်း စည်းလုံးညီညွတ်မှုနဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိနေပါတယ်။ ကျွန်တော်တို့တွေ ပူးပေါင်းညီညွတ်စွာနဲ့  ဒီစိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ကျော်လွှားပြီး ပိုမိုခိုင်ခံ့ကာ ခံနိုင်ရည်ရှိတဲ့ လူမှုအသိုက်အဝန်းကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ထားရှိတဲ့ စိတ်အားထက်သန်မှုတွေအတွက် အထူးပဲ ကျေးဇူး တင်ရှိပါတယ်”ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

စစ်မှန်သော ပြည်တွင်းအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ကတိကဝတ်အတိုင်း ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်သာ လူမှုအသိုင်းအဝိုင်းကို ဖန်တီးနိုင်ရန်နှင့် မြန်မာနိုင်ငံ သာယာဝပြောရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။

လှုမှုအကျိုးပြုလှုပ်ရှားမှုအပါအဝင် MPT ၏ ဝန်ဆောင်မှုများ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။