ရန်ကုန်၊ ဇွန် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (28th St. Petersburg International Economic Forum - SPIEF-2025) သို့ တက်ရောက်ခဲ့သည်။
စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ ကမကထပြုမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများအကြား ဆွေးနွေးဆက်သွယ်ဆောင်ရွက်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာပလက်ဖောင်းတစ်ခုအဖြစ် ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ယခုနှစ်ကျင်းပသည့်ဆောင်ပုဒ်မှာ “ဗဟုဝင်ရိုး ကမ္ဘာကြီးထွားရေး အခြေခံတည်ဆောက်ဖို့ ပူးပေါင်းမျှဝေကြပါစို့” (Shared Values: The Foundation of Growth in a Multipolar World) ဖြစ်ပြီး အဓိကအားဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ အပြန်အလှန်လေးစားမှု၊ လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများနှင့်အညီ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှု၊ တန်းတူညီမျှမှုကိုအခြေခံ၍ ဖိုရမ်ကိုကျင်းပဆောင်ရွက်ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာထမ်းများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Reshetnikov ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံသမ္မတ၏အကြံပေး၊ ရုရှားရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဥက္ကဋ္ဌ Mr. Anton Kobyakov ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ရုရှားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် တိုးချဲ့ဖော်ဆောင်ရေး စားပွဲဝိုင်းဆွေးနွေးပွဲသို့ ရုရှားနိုင်ငံသမ္မတ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အကြံပေး Mr. Igor Levitin အပါအဝင် နိုင်ငံတကာမှဝန်ကြီးများ၊ ကျွမ်းကျင်သူများနှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေးသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ရုရှားနိုင်ငံ၏ မျှော်တွေးချက်သည် လက်ရှိကမ္ဘာ့ရေးရာအခြေအနေများနှင့် ညီညွတ်မှုရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဒေသတွင်းဆိပ်ကမ်းများသို့ ရေယာဉ်လွှဲပြောင်းပို့ဆောင်ခြင်း (Transshipment) ဖြင့် ရုရှားကုန်စည်များကို ဆက်လက်သယ်ယူပို့ဆောင်နိုင်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့မော်တော်ကား၊ မီးရထားများဖြင့်လည်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်သွယ်မှုတိုးချဲ့ရန် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်တိုးချဲ့ဖော်ဆောင်မှုသည် ရင်းနှီးမြှုပ်နှံမှု၊ ခေတ်မီနည်းပညာနှင့် ဆန်းသစ်သောထောက်ပံ့ပို့ဆောင်ရေးစနစ်များလိုအပ်သဖြင့် မြန်မာနိုင်ငံ၏ဆိပ်ကမ်းလုပ်ငန်းများ၊ ရထားပို့ဆောင်ရေးလုပ်ငန်းများအပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးသည်။
စားပွဲဝိုင်းဆွေးနွေးပွဲအပြီး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Igor Levitin ခေါင်းဆောင်သောအဖွဲ့နှင့် ဆက်လက်တွေ့ဆုံ၍ ရုရှားနိုင်ငံ၏ ကုန်သွယ်ရေးလမ်းကြောင်းသစ် တိုးချဲ့ရေး၊ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားအလားအလာရှိသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် Mr.Shatriov Sergey Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ Expo Forum Convention and Exhibition Center ၌ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Maksim Reshetnikov တို့ လက်မှတ်ရေးထိုးသည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။ အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုအခြေအနေကောင်းများကို ဖန်တီးပေးနိုင်ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်နိုင်မည်ဖြစ်ကာ ဥပဒေအရလည်း အကာအကွယ်ပေးသွားနိုင်မည်ဖြစ်သည်။
ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr.Ivan Viktorovich Polyakov နှင့်တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့ ပါဝင်တက်ရောက်သည်။ အဆိုပါအစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ မိန့်ခွန်းပြောကြားကာ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကိုဦးဆောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသမ္မတ H.E. Mr.Prabowo Subianto၊ တောင်အာဖရိကနိုင်ငံ ဒုတိယသမ္မတ H.E. Mr.Paul Mashatile၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Ding Xuexiang၊ ဘာရိန်းစစ်ဦးစီးချုပ် H.E. Mr.Nasser Bin Hamad Al Khalifa တို့က ပါဝင်ဆွေးနွေးကြသည်။
ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ဇွန် ၁၈ ရက် နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အာဆီယံနှင့်ဥရောပအာရှ စီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးဆိုင်ရာဆွေးနွေးမှုအစီအစဉ်သို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် မြန်မာနိုင်ငံနှင့်ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား ကျင်းပသည့် ဒုတိယအကြိမ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသို့တက်ရောက်ပြီး ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ဒေသ (Republic of Tataistan) ကာဇန်မြို့ရှိ Alabuga Special Economic Zone မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရေး၊ စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် မြန်မာလုပ်သားများကို ခေါ်ယူရေးကိစ္စရပ်များအား ဆွေးနွေးကြသည်။
ဇွန် ၁၉ ရက်ကလည်း အဖွဲ့ဝင်အဖြစ်ပါရှိသည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ရုရှားနိုင်ငံမှ ရုပ်သံမီဒီယာများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအလှအပများ၊ ခရီးသွားဆွဲဆောင်မှုများ၊ ရိုးရာဒေသအစားအစာများနှင့် ရုရှားခရီးသွားများအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ယခုနှစ်ကျင်းပသည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှအကြီးအကဲများ၊ အစိုးရအရာထမ်းများ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်း ၃၈၀ မှ ဆွေးနွေးပြောကြားသူ ၁၀၀၀ ကျော်အပါအဝင် စုစုပေါင်း ၂၁၈၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကာလအတွင်း စီးပွားရေးစာချုပ်ပေါင်း ၁၀၇၃ ခု ချုပ်ဆိုခဲ့ကြကြောင်းနှင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန