Network Security ၊ Wiindows Server Administration I နှင့် Microsoft Office Word 2019 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Network Security (၀၅၀၉/၀၁/၂၄-၂၅) သင်တန်း၊ Windows Server Administration I (၀၄၀၃/၀၂/၂၄-၂၅) သင်တန်း နှင့် Microsoft Office Word 2019 (Online) (၀၁၀၂/၀၂/၂၄-၂၅) များ၏ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၁) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဂြိုဟ်တုဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးရန်နောင်စိုး၊ သင်တန်းကျောင်း ဒုတိယ ကျောင်းအုပ် ဦးလှိုင်မျိုးကျော်နှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာချုပ်က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Network Security သင်တန်း သည် ၂၀၂၄-၂၅ လေ့ကျင့် သင်ကြားရေးနှစ်တွင် အသစ်  ဖွင့်လှစ် ပို့ချပေးသည့် သင်တန်း ဖြစ်ကြောင်း၊ သင်တန်းတွင် နက်ဝပ်ကွန်ရက်များအတွင်း လုံခြုံရေးဆိုင်ရာ ချိုးဖောက်တိုက်ခိုက်မှုများ (Network Attacks)၊ လုံခြုံရေး အားနည်းမှုများ (Network Vulnerabilities) များ၏ သဘောသဘာဝကို သိရှိနားလည်စေရန်၊ လုပ်ငန်း/အဖွဲ့အစည်းများမှာ ချိတ်ဆက်ထားသော (ကြိုး/ကြိုးမဲ့) နက်ဝပ်ကွန်ရက်များ၏ လုံခြုံရေးအတွက် တည်ဆောက်ရမည့် နည်းပညာများ၊ လုံခြုံရေး စီမံခန့်ခွဲမှုများ၊ ကြိုတင်ကာကွယ်ပြင်ဆင်ရမည့် နည်းလမ်းများ၊ ကွန်ရက်လုံခြုံရေးကို စောင့်ကြည့်နိုင်မည့် tools များ စသည်တို့ကို ကောင်းစွာသိရှိနားပြီး နက်ဝပ်လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး  ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း ဦးစွာပြောကြား ခဲ့သည်။

   ဆက်လက်ပြီး Windows Server Administration I သင်တန်းသည် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများ၏ ကိုယ်ပိုင် Website များ လွင့်တင်ထားရာတွင် လိုအပ်သည့် Server Administration အခြေခံများသိရှိနားလည်ပြီး  Windows Server ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီး Server Administrator တစ်‌ယောက်အနေဖြင့် မိမိဌာနအတွင်း ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း  ဖြစ်ကြောင်း သိရှိရပါသည်။

   ထို့ပြင် Online မှ တဆင့်ဖွင့်လှစ်ပို့ချမည့် Microsoft Office Word 2019 သင်တန်းသည် ကွန်ပျူတာအခြေခံ အသုံးပြုနည်းများကို သိရှိစေပြီး Myanmar Unicode အသုံးပြု၍ English/ Myanmar နှစ်မျိုးစလုံးဖြင့် ရုံးစာ စနစ်တကျရေးသားနည်း၊ စာစီစာရိုက် ပြုလုပ်နည်း၊ လက်ကမ်းစာစောင်နှင့် စာအုပ်တည်ဆောက်နည်း၊ ဇယား၊ ပုံ၊ ဂရပ်ဖ် အစရှိသော Microsoft Office Word Functions နှင့် Features ထည့်သွင်းအသုံးပြုနည်းများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း  ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

   ဆက်လက်ပြီး အင်ဂျင်နီယာချုပ်က လူ့စွမ်းအား အရည်အသွေးပြည့်မီလေ နည်းပညာခြိမ်းခြောက်မှုများအတွက် ယခုလိုလူ့စွမ်းအားတွေကို ထုတ်ယူအသုံးပြုနိုင်မှု အခွင့်အရေး ပိုများလေ ဖြစ်သည့်အတွက် မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အရည်အသွေးပြည့်မီသည့် လူ့စွမ်အားအရင်းအမြစ်များ ပေါ်ပေါက်လာစေရန် အထူးအလေးထား ကြိုးစားသွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

   Network Security ၊ Windows Server Administration I နှင့် Microsoft Office Word 2019 (Online) သင်တန်းများသည် ၁-၇-၂၀၂၄ ရက်နေ့ မှ ၁၈-၇-၂၀၂၄ ရက်နေ့ အထိ ၃ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။