“လူငယ်နှင့်စာပေအနုပညာပွဲတော်” ရှိ ဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဉာဏ်စမ်း ပဟေဠိ ဖြေဆိုသူများဖြင့် စည်ကားလျက်ရှိ

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို “လူငယ်နှင့်စာပေအနုပညာပွဲတော်”ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ နေ့စဉ်နံနက် ၀၉၃၀ နာရီမှ ညနေ ၁၆၃၀ နာရီထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဒိ အားကစားကွင်း B ရုံတွင် ကျင်းပလျက်ရှိရာ ပထမနေ့အဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ ဆိုက်ဘာ လုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဉာဏ်စမ်း ပဟေဠိဖြေဆိုသူများဖြင့် စည်ကား လျက် ရှိသည်။

အဆိုပါဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာအသိပညာပေး ရုပ်ပြ ကာတွန်းများ၊ ပိုစတာများ၊ Animation ဗီဒီယိုများ၊ AI နည်းပညာ Face Recognition ဆန်းစစ်ခြင်းနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟုသုတအား ဆန်းစစ်နိုင်သည့် ဆိုက်ဘာဉာဏ်စမ်း ပဟေဠိဖြေဆိုမှု အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။ ဆိုက်ဘာဉာဏ်စမ်းပဟေဠိဖြေဆိုမှု အစီအစဉ်တွင် အခြေခံပညာအဆင့်နှင့်  တက္ကသိုလ်အဆင့် ဟူ၍ ခွဲခြားထားပြီး ဖြေဆိုချိန် ၁၅ မိနစ်အတွင်း မေးခွန်း ၁၃ ခုအား မှန်ကန်စွာဖြေဆိုနိုင်သူများသည် အမှတ်တရလက်ဆောင်များ ရရှိမည်ဖြစ်ပြီး ပြပွဲကာလ ၃ ရက်တာအတွင်း အမှတ်အများဆုံး ရရှိအောင်ဖြေဆိုနိုင်သူ ၃ ဦးအား ထပ်မံ၍ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။