ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်း စနစ် (Domestic Operator License Application And Registration System-DOLARS)

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်များထုတ်ပေးနေမှုအခြေအနေ....

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် "ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်" ဟူသည့် ဆောင်ပုဒ်နှင့်အညီ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အများပြည်သူအား ကောင်းမွန်သောဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ဝန်ကြီးဌာနလက်အောက်ရှိ  ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနသည်လည်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို "ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ" နှင့်အညီ စနစ်တကျ စိစစ်ထုတ်ပေးနေပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍစနစ်တကျရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တာဝန်ယူထုတ်ပေးလျက်ရှိသော ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ (Domestic Operator Licenses – DOLs) ထုတ်ပေးရာတွင် ပိုမိုထိရောက်သော လုပ်ငန်းဝန်ဆောင်မှုများပေးနိုင်ရေးနှင့် နိုင်ငံတော်၏ e–Government စနစ်များအား အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နိုင်ရေး တို့အတွက် အများပြည်သူတို့အနေဖြင့် Online စနစ်အသုံးပြု၍ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းနှင့် မိတ္တူထုတ်ယူခြင်း (ပျောက်ဆုံး/ပျက်စီး) အပါအဝင် လုပ်ငန်းရပ်များကို အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကွန်ပျူတာ စနစ်ရေးဆွဲကာ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

ကွန်ပျူတာစနစ်ရေးဆွဲခြင်းကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စမ်းသပ်ကာလကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ ပထမအဆင့်အဖြစ် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်းတို့ကို စတင်မည်ဖြစ်ပြီး၊ ဒုတိယ အဆင့်တွင် လိုင်စင်သက်တမ်းတိုးခြင်းနှင့်ပြင်ဆင်ပြောင်းလဲခြင်းတို့ကို နေပြည်တော်၊ ပြည်ထောင်စု နယ်မြေရုံးနှင့် ကျန်ဒေသရုံးခွဲများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယ အဆင့်တွင် ကျန်ရှိသော လုပ်ငန်းလိုင်စင်အသစ်လျှောက်ခြင်း၊ ယာယီလုပ်ငန်းလိုင်စင် လျှောက်ထား ခြင်း၊ မိတ္တူလျှောက်ထားခြင်း၊ လုပ်ငန်းလိုင်စင်ဖျက်သိမ်းခြင်း စသည်တို့ကို ကွန်ပျူတာစနစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

                                                                                                                                                                                                                         ဦးဇော်(DoTP)

အချုပ်အားဖြင့်ဆိုရသော် ၂၀၂၆ ခုနှစ်၊ ဧပြီ လမှစ၍ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်၊ တွဲဖက်ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်ရုံးများ အားလုံးတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို လုပ်ငန်းဆောင် ရွက်သူ/လုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင်ကိစ္စရပ်များကို ရုံးသို့ လာရောက်ဆောင်ရွက်ရန် မလို တော့ဘဲ Online မှတစ်ဆင့် လျှောက်ထားရယူနိုင်တော့မည်ဖြစ်ပါသည်။

ကွန်ပျူတာစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေ

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းစနစ် (Domestic Operator License Application and Registration System - DOLARS) အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP) ဖြင့် ကွန်ပျူတာစနစ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ အထက်ဌာနအဆင့်ဆင့်၏ခွင့်ပြုချက်နှင့် လမ်းညွှန်ချက်များ ရယူဆောင်ရွက် ခဲ့ပြီး တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်များကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်တွင် တင်ဒါအောင်မြင်ခဲ့သော Secure Link Co., Ltd. နှင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် သဘောတူစာချုပ် ချုပ်ဆို၍ လုပ်ငန်း ည်ဆောက်ရေးကာလ၏ ပထမ(၆)လအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

လုပ်ငန်းအကောင်အထည်ဖော်ခြင်း၏ ပထမ(၆)လတွင် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်းတို့အတွက် လျှောက်ထားခြင်း၊ ငွေပေးသွင်းခြင်းတို့အား ရန်ကုန်တိုင်း ဒေသကြီးရုံးနှင့် မန္တလေးတိုင်းဒေသကြီးရုံးတို့တွင် Online စနစ်ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ ကုမ္ပဏီမှ ကွန်ပျူတာစနစ်နှင့်စပ်လျဉ်း၍ Program ကို စမ်းသပ်အသုံးပြု၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ စနစ်ဖြင့် တွဲဖက်အသုံးပြုမည့် ကွန်ပျုတာနှင့်ဆက်စပ်ပစ္စည်းများ (Hardware) တပ်ဆင်ခြင်းနှင့် ဌာနရှိဝန်ထမ်းများအား စနစ်အသုံးပြုနိုင်ရန်အတွက် System Training နှင့် System Testing များ ဖြစ်သည့် User Acceptance Test (UAT) အဆင့်များကို စနစ်တကျ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသော လုပ်ငန်းလိုင်စင်အမျိုးအစားများ

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအနေဖြင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရေးကြီးကြပ်ကွပ်ကဲ၍ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ("က"လိုင်စင်)၊ ခရီးစဉ်ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်("ခ"လိုင်စင်)၊ စင်းလုံးငှားခရီး သည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်("ဂ"လိုင်စင်)၊ ပဋိညာဉ်အရသယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်("ဃ"လိုင်စင်)၊ ကိုယ်ပိုင်စီးပွားရေးအတွက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်("င" လိုင်စင်) တို့ကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ထုတ်ပေးလျက် ရှိပါသည်။

ဖော်ပြပါလိုင်စင်အမျိုးအစားများအတွက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ (သို့မဟုတ်) ၎င်းတို့၏ ကိုယ်စားလှယ်များက Online စနစ်အသုံးပြု၍ လုပ်ငန်းလိုင်စင်လျှောက် ထားခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၏ Online Service Portal ဖြစ်သည့် www.dotp.gov.mm သို့ ဝင်ရောက်ကာ  Menu Bar ရှိ “လိုင်စင်လျှောက်ထားခြင်း” Feature မှတစ်ဆင့် မိမိ၏ အီးမေးလ် ကိုအသုံးပြု၍ မှတ်ပုံတင်ဝင်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။  စနစ်အသုံးပြုပုံ (User Manual Guide) ကိုလည်း ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် Download ရယူပြီး ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

အများပြည်သူသိရှိနိုင်ရန် အသိပညာပေးဆောင်ရွက်နေမှုအခြေအနေ.........

နိုင်ငံတော်၏ e-Government စနစ်များအား အောင်မြင်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် ဌာန၊ အဖွဲ့အစည်းများနှင့် အများပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးပါသဖြင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ Online စနစ်အသုံးပြု၍ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အများပြည်သူကျယ်ပြန့်စွာသိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခြင်းနှင့်အသိပညာပေးခြင်း လုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နှင့် ၄ ရက်နေ့တို့တွင် ပြည်သူများသို့ အသိပညာပေးခြင်း (Public Awareness) များကို သက်ဆိုင်ရာ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများနှင့်  ခရီးသည်ယာဉ်အသင်းအဖွဲ့များ၊ ကုန်တင်ယာဉ် အသင်းအဖွဲ့များအား ဖိတ်ကြား၍ Online ကွန်ပျူတာစနစ်ဖြင့် ရေးဆွဲ ဆောင်ရွက်ခဲ့သည့် Secure Link Co., Ltd.၊ Delivery ဝန်ဆောင်မှုပေးမည့် MGL Co., Ltd. နှင့် Online ငွေပေးချေမှုတွင် ပူးပေါင်း ဆောင်ရွက်မည့် CB Bank တို့က လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းတင်ပြမှုကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ အသီးသီးပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ အသိပေးကြေညာချက်တို့ကိုလည်း နိုင်ငံပိုင်သတင်းစာများတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့ အထိ တစ်ပြိုင်တည်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်း ဆောင်ရွက်သူများ၊ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး သိရှိလေ့လာလိုသူများ အလွယ်တကူလေ့လာ ကြည့်ရှု စမ်းသပ်နိုင်ရန် ဝန်ကြီးဌာန၏ Website ၊ Myanmar National Portal (MNP) Website နှင့် ဌာန၏ အင်တာနက်စာမျက်နှာ ဖြစ်သည့် www.dotp.gov.mm တို့တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

DOLARS စနစ်ဖြင့် လုပ်ဆောင်နိုင်မည့်လုပ်ငန်းများ......

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းစနစ် (Domestic Operator License Application And Registration System-DOLARS) ကို အသုံးပြု၍ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားခြင်း သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်းများအား သက်ဆိုင်ရာ လိုင်စင်အမျိုးအစားအလိုက် Online စနစ်အသုံးပြု၍ လျှောက်ထားဆောင်ရွက်ခြင်း၊ သက်မှတ်ထား သည့် အခကြေးငွေများအား Online Payment ဖြင့် ပေးသွင်းခြင်း၊ လုပ်ငန်းလိုင်စင် လျှောက်ထားရာ တွင် လိုအပ်သည့် စာရွက် စာတမ်းအထောက်အထားများအား Delivery Service အသုံးပြု၍ ရုံးသို့ ပေးပို့တင်ပြခြင်းနှင့် လျှောက်ထားသူထံသို့ အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်း၊ မျက်မြင်စိစစ်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များအတွက် ကြိုတင်ရက်ချိန်းရယူခြင်း (Online Booking System) များကို လုပ်ငန်းရှင်များအနေဖြင့် လူကိုယ်တိုင်ရုံးသို့ လာရောက်စရာမလိုတော့ဘဲ အချိန်ကုန်သက်သာစွာဖြင့် ဆောင်ရွက် နိုင်တော့မည်ဖြစ်ပါသည်။

0nline ကွန်ပျူတာစနစ်အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးရလဒ်များ.....

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းစနစ် (Domestic Operator License Application And Registration System-DOLARS)ကို အသုံးပြုခြင်းဖြင့် လုပ်ငန်းငန်းဆောင်ရွက်သူ လုပ်ငန်းရှင်များ/ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အောက်ပါ အကျိုးရလဒ်များကို ရရှိနိုင်မည်ဖြစ်ပါသည် -                                          

  • လုပ်ငန်းလိုင်စင်ကို ရိုးရှင်းလွယ်ကူစွာ လျှောက်ထားနိုင်ခြင်း၊
  • အချိန်ကုန် လူပင်ပန်းသက်သာပြီး စိတ်ချမ်းမြေ့မှု ရရှိနိုင်ခြင်း၊
  • မိမိ၏လျှောက်ထားမှုကို သက်ဆိုင်ရာဌာနမှ အဆင့်ဆင့်စိစစ်ပြီးဆောင်ရွက်ချက် များအား မိမိ Account ၏ Notification များတွင် ကြည့်ရှုနိုင်ခြင်း၊
  • Online မှတစ်ဆင့် အဆင်ပြေ လွယ်ကူစွာ ငွေပေးချေနိုင်ခြင်း၊
  • Delivery စနစ်၏ အိမ်တိုင်ရာရောက် ပေးပို့နိုင်သည့် ဝန်ဆောင်မှုဖြစ်သဖြင့် အချိန် ကုန် လူပန်းသက်သာမှု ရှိစေခြင်း၊
  • မိမိရရှိထားသည့် ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်နှင့်စပ်လျဉ်းသည့် အချက်အလက်များအားလုံးကို မိမိ Account တွင် အချိန်နှင့် တစ်ပြေးညီ စစ်ဆေးသိရှိနိုင်ခြင်းနှင့် အလွယ်တကူ ပြန်လည်ရှာဖွေ ကြည့်ရှု စစ်ဆေး နိုင်ခြင်း။

အများပြည်သူအကျိုးရှေးရှုသည့် ဝန်ဆောင်မှုများဆီသို့.....

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအနေဖြင့် Online စနစ်သို့စတင်ကူးပြောင်းဆောင်ရွက်ချိန်တွင် ရင်ဆိုင်တွေ့ကြုံရမည့် အခက်အခဲများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ဌာနရှိဝန်ထမ်းများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများပူးပေါင်း၍ User Training ၊ Administrator Training နှင့် System Testing အစီအစဉ်ဆောင်ရွက်ခြင်းတို့အား ရန်ကုန်တိုင်းဒေသကြီးရုံး၊ မန္တလေးတိုင်းဒေသကြီးရုံးနှင့် နေပြည်တော် (ရုံးချုပ်)တို့တွင် သတ်မှတ်ရက်များအလိုက် ကျင်းပခဲ့ပြီးဖြစ်ပါသည်။

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် Secure Link Co., Ltd မှ တာဝန်ရှိသူများပူးပေါင်း၍ အများ ပြည်သူအတွက် အသိပညာပေးအစီအစဉ်များနှင့် User Training များဆောင်ရွက်ပြီး ဖြစ်သကဲ့သို့  လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံလာရသည့် အခက်အခဲများအား ထိရောက်စွာဖြေရှင်းနိုင်ရန် Online စနစ်အား တာဝန်ယူရေးဆွဲသည့် Secure Link Co., Ltd နှင့် Online Payment စနစ်အား တာဝန်ယူဆောင်ရွက်သည့် CB Bank တို့မှ Helpdesk များ ဖွင့်လှစ်၍ ဌာနမှဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင် လျှောက်ထားသူများအား အကူအညီပေးနိုင်ရေးကိုလည်း ဆောင်ရွက်ထားပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များအား အထောက်အကူပြုသည့် အပြင် ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်အရေးပါသည့် ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာန၏ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းနှင့် မှတ်ပုံ တင်ခြင်းစနစ် (Domestic Operator License Application And Registration System-DOLARS) အား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အများပြည်သူအားအကျိုးပြုနိုင်သော သယ်ယူပို့ဆောင်ရေးစနစ်များ ပေါ်ထွန်းလာစေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။