ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ခြင်းနှင့်သင်၏ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် အကြံပြုချက်များ

ရန်ကုန်၊ မြန်မာ ။ ။ ဆက်သွယ်ရေးကဏ္ဍသည် တီထွင်ဆန်းသစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ဆက်သွယ်မှုကိုတိုးမြှင့်ရန်နှင့် ဒစ်ဂျစ်တယ်ဂေဟစနစ်ကို ကာကွယ်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ ဆိုက်ဘာခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများ အနေဖြင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ကြိုတင်သိမြင်ပြီး မိမိတို့၏ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ နှင့်  ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကာကွယ်ရန် အလွန်အရေးကြီးပါသည်။ ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုများ သည် တစ်ဦးတစ်ယောက်ချင်းစီ  ကို သာ မက အဖွဲ့အစည်း  ကို ပါ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများသည် သုံးစွဲသူများ၏ အွန်လိုင်းငွေကြေးဆိုင်ရာအကောင့်များ နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကာကွယ်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အောက်ပါ ဆိုက်ဘာလုံခြုံရေး အကြံပြုချက်များကို စုစည်းဖော်ပြထားပါသည်။

ဆိုက်ဘာလုံခြုံရေး အကြံပြုချက်များ

၁။ အဆင့်ဆင့်စစ်ဆေးသည့် စနစ် Multi-Factor Authentication (MFA) အသုံးပြုပါ – မိမိတို့၏ အကောင့်များကို ဟက်ကာများနှင့် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း မှ ကာကွယ်နိုင်ရန် အဆင့်ဆင့်စစ်ဆေးသည့်စနစ် MFA ကို အသုံးပြုပါ။ MFA ဆိုသည်မှာ အကောင့် login ပြုလုပ်ပါက ကိုယ်ပိုင်စကားဝှက်အသုံးပြုခြင်းအပြင် သင့်ဖုန်း (သို့မဟုတ်) အီးမေးလ်တွင် တစ်ခါသုံး လျှို့ဝှက်ကုဒ်ကို လက်ခံရရှိစေရန် ဆောင်ရွက်ထားခြင်း (သို့မဟုတ်) သင့်လက်ဗွေကို Scan ဖတ်ရန် လိုအပ်ခြင်း (သို့မဟုတ်) လုံခြုံရေးဆိုင်ရာ မေးခွန်းများကို ဖြေဆိုရန်လိုအပ်ခြင်းတို့ဖြစ်ကြပါသည်။

ခန့်မှန်းရခက်ပြီး ထူးခြားသော စကားဝှက်များ (Passwords) ကို အသုံးပြုပါ – လွယ်ကူစွာ ခန့်မှန်းနိုင်သော စကားဝှက်များ ဥပမာ “password123” သို့မဟုတ် သင်၏ အမည် သို့မဟုတ် မွေးနေ့ကဲ့သို့သော ကိုယ်ရေး အချက်အလက်များကို စကားဝှက်အဖြစ် အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ ရှုပ်ထွေးပြီး ထူးခြားသော စကားဝှက်များ (သင်္ကေတများ၊ ကိန်းဂဏန်းများနှင့် အက္ခရာများ) ကိုဖန်တီးပြီး စကားဝှက်များကို မကြာခဏ ပြောင်းလဲပါ။

၃။ Phishing Scams များကို သတိပြုပါ – ဆိုက်ဘာချိုးဖောက်သူများသည် အီးမေးလ်များ၊ စာတိုပေးပို့ခြင်းများ သို့မဟုတ် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ယုံကြည်စိတ်ချရသော အရင်းအမြစ်များအဖြစ် ဟန်ဆောင်ကာ အရေးကြီးသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးအပ်ရန် လိမ်လည်လှည့်စားလေ့ရှိပါသည်။ မည်သည့် လင့်ခ်ကိုမဆို မနှိပ်မီ (သို့မဟုတ်) ပူးတွဲပါဖိုင်များကို ဒေါင်းလုတ်မလုပ်မီ ပေးပို့သူ၏ အထောက်အထားကို အမြဲစစ်ဆေးပါ။

ဆော့ဖ်ဝဲလ်များကို ပုံမှန် Update ပြုလုပ်ပေးပါ  ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများ အသုံးချလေ့ရှိသည့် ချို့ယွင်းချက် ကို ပြန်လည်ပြင်ဆင်ပေးနိုင်ရန် အတွက် မိမိအသုံးပြုနေသည့် Operating System၊ Browers များနှင့် Application များအားလုံးကို ပုံမှန် Update ပြုလုပ်ပေးပါ။

၅။ အများသုံး Wi-Fi အသုံးပြုခြင်း – အများသုံး Wi-Fi ကွန်ရက်များသည် လုံခြုံမှု မရှိသောကြောင့်အဆိုပါ ကွန်ရက်များကို အသုံးပြုနေစဉ်တွင် အရေးကြီးသော အကောင့်များကို ဝင်ရောက်ခြင်း သို့မဟုတ် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

Antivirus နှင့် Anti-Malware Tools များကို အသုံးပြုခြင်း – ဗိုင်းရပ်စ်များ၊ Spyware၊ Ransomware နှင့် အခြားသော အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် ယုံကြည်စိတ်ချရသော Antivirus နှင့် Anti-Malware ဆော့ဖ်ဝဲများကို အသုံးပြုပါ။ ပုံမှန် Update ပြုလုပ်ပေးခြင်းသည် အထိရောက်ဆုံး ကာကွယ်ရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။

၇။ သံသယဖြစ်ဖွယ် ဆက်သွယ်မှုများကို သတိရှိပါ – အရေးတကြီး သို့မဟုတ် ခြိမ်းခြောက်နေပုံရသည့် စာတိုများကို အမြဲတမ်း စိစစ်ပါ။ ဆိုက်ဘာကျူးလွန်သူများသည် လူတစ်ဦးချင်းစီကို ဆုံးဖြတ်ချက်များ လျင်လျင်မြန်မြန် ချမှတ်ရန်အတွက် ဖိအားပေးရန် ခြိမ်း‌ခြောက်သည့် နည်းဗျူဟာများကို အသုံးပြုလေ့ရှိပါသည်။ မည်သည့်တုံ့ပြန်မှုကိုမှ မပြုလုပ်မီ ထိုဆက်သွယ်မှုသည် စစ်မှန်မှု ရှိ မရှိကို ဆန်းစစ်ပါ။

၈။ တစ်ကြိမ်တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို အသုံးပြုခြင်း – မိမိတို့၏ အကောင့်ဝင်ရောက်ခြင်းကို လုံခြုံမှုရှိစေရန် တစ်ကြိမ်တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို ​​မည်သူနှင့်မျှ လုံးဝ မမျှဝေပါနှင့်။

Application ခွင့်ပြုချက်များကို သတိပြုပါ – မိမိတို့၏  device များတွင် ရှိနေသည့် ပုဂ္ဂိုလ်ရေး အချက်အလက်များ အပါအဝင် အခြားအချက်များကို Application များမှ တစ်ဆင့် ရယူနိုင်သည်ဖြစ်ရာ Application များကို ပေးထားသည့် ခွင့်ပြုချက်များအား ပြန်လည်သုံးသပ်ပြီး လိုအပ်သည့် ခွင့်ပြုချက်ကိုသာ ပေးပါ။

၁၀။ ဖုန်းခေါ်ဆိုမှုများကို သတိပြုပါ – အမည်မသိ အဝင်ခေါ်ဆိုမှုများကို မကိုင်ပါနှင့်။ လိမ်လည် လှည့်ဖြားသူများသည် ဖုန်းဖြင့် မကြာခဏ ဆက်သွယ်လေ့ရှိကြပါသည်။ အကယ်၍ အမည်မသိ အဝင် ခေါ်ဆိုမှုများ အများအပြားကို ရရှိနေပါက  လိမ်လည်လှည့်စားသူများ၏ ခေါ်ဆိုခြင်းများ သို့မဟုတ် အလိုအလျောက်ခေါ်ယူရန် ပြုလုပ်ထားသည့် Robocall ခေါ်ဆိုမှုများ ဖြစ်နေနိုင်ပြီး ယင်းတို့ကို  သင့်ဖုန်းတွင် ပါရှိသော Spam ကို တားမြစ်နိုင်သည့် Features များကို အသုံးပြု၍ တားမြစ်နိုင်ပါသည်။  

၁၁။ ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ Application များကို ထည့်သွင်းပါ – အတည်မပြုရသေးသော ဒေါင်းလုတ်များတွင် သင့်စက်ပစ္စည်းများ နှင့် ဒေတာကို ထိခိုက်ပျက်စီးစေသည့် Malware သို့မဟုတ် ဗိုင်းရပ်စ်များ ပါဝင်နိုင်သဖြင့် Official Store များ သို့မဟုတ် ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ ဆော့ဖ်ဝဲနှင့် Application များကိုသာ ဒေါင်းလုတ် လုပ်ပါ။

အထက်ပါ အကြံပြုချက်များသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရန် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများ၏ ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

ဆက်သွယ်ရေးအော်ပရေတာများသည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး လုံခြုံသော ဆက်သွယ်မှုများ ပေးအပ်ရန် ကတိပြုပါသည်။ အကယ်၍ ခွင့်ပြုချက် မရှိသော လုပ်ဆောင်မှုကို သံသယရှိပါက သို့မဟုတ် အကူအညီလိုအပ်ပါက အောက်ပါ Hotline အချိန်များ များအတွင်း Customer Service ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

MPT :  106 or 012399106 (အခြားသောအော်ပရေတာများမှခေါ်ဆိုခြင်း)  (နေ့စဉ် 8:00 – 20:00)
ATOM :  979  or 09790097900 (အခြားသောအော်ပရေတာများမှခေါ်ဆိုခြင်း) (နေ့စဉ် 7:00 – 23:00)
Ooredoo : 09970000234 (နေ့စဉ် 08:00 – 20:00)
Mytel : 09690000966 (နေ့စဉ် 08:00 – 17:30)

ဆိုက်ဘာလုံခြုံရေးသည် ဆက်သွယ်ရေးအော်ပရေတာများ၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေ မည်ဖြစ်ပြီး သင့်ကို အချိန်မရွေး ပံ့ပိုးကူညီနိုင်ရန်အတွက် ကတိကဝတ်ပြုပါသည်။