နေပြည်တော်၊ ဧပြီ ၂၃
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဝန်ကြီးဌာနနှင့် မြန်မာ့မီးရထားတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၂၂ ရက်နေ့၊ နေ့လည်ပိုင်းတွင် RBE အထူးရထားခရီးစဉ်ဖြင့် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာပြီး တောင်ငူဘူတာအထိ လမ်းပိုင်းတစ်လျောက်တွင် ရထားများ အမြန်နှုန်းမြှင့်တင်နိုင်ရေးအတွက် ရထားလမ်းများ၊ တံတားများအား အဆင်မြှင့်တင်မှုဆောင်ရွက်နေသည့် လုပ်ငန်းခွင်များ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် ဘူတာများ၏အခြေအနေနှင့် ပြန်လည်မွမ်းမံတည်ဆောက်ရန် လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ဘူတာမှတစ်ဆင့် ရွာတော်ဘူတာ၊ ပျဉ်းမနားဘူတာ၊ ပြည်ဝင်ဘူတာ၊ ဧလာဘူတာ၊ သာဝတ္ထိဘူတာ၊ ရေနီဘူတာ၊ မြို့လှဘူတာ၊ သာဂရဘူတာ၊ ဆွာဘူတာ၊ ကုန်းကြီးဘူတာ၊ ရေတာရှည်ဘူတာ၊ ကျွန်းကုန်းဘူတာ၊ ကျေးတောဘူတာတို့အား စစ်ဆေးကြည့်ရှုပြီးနောက် ပြိုကျပျက်စီးသွားသော ဘူတာများအား ဖြိုချရှင်းလင်းရေး၊ အကြီးစားပြင်ဆင်ရန်၊ အလတ်စားနှင့် အငယ်စားပြင်ဆင်ရန် လိုအပ်သည့်ဘူတာများအား အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေး၊ ဘူတာစဉ်တစ်လျောက် အချို့ဘူတာများမှာ ဘူတာတစ်ခုနှင့်တစ်ခု နီးကပ်စွာတည်ရှိနေပြီး၊ ခရီးသည်နှင့် ကုန်စည် သွားလာ၊ ပို့ဆောင်သည့် Operation လုပ်ငန်းများလည်း မရှိသဖြင့် ဖျက်သိမ်းသင့်သော ဘူတာများဖြစ်နေပါက စနစ်တကျစိစစ်ပြီး တင်ပြဖျက်သိမ်းနိုင်မည့် လုပ်ငန်းစဉ်များဆောင်ရွက်ရန်ကိစ္စ၊ အသစ်တည်ဆောက်ရမည့်ဘူတာများကို ဘူတာအငယ်၊ ဘူတာအလတ်၊ ဘူတာအကြီး သတ်မှတ်ချက်အတိုင်း ဘူတာအဆောက်အဦပုံစံဒီဇိုင်းများနှင့် Estimation များ တွက်ချက်၍ အမြန်ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရယူဆောင်ရွက်သွားရန်ကိစ္စများအား အသေးစိတ် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူဘူတာတွင် ဘူတာနှစ်ထပ်အဆောက်အဦ၏အပေါ်ထပ်ရှိ ငလျင်ဒဏ်ထိခိုက်ခံရသည့် ရထားထိန်းချုပ်ရေးရုံး၊ မြန်မာနိုင်ငံရထား ရဲတပ်ဖွဲ့ရုံးတို့ပေါ်သို့ တက်ရောက်စစ်ဆေးကာ ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် မလိုအပ်သည့် အဆောက်အဦအစိတ်အပိုင်းအချို့အား ရှင်းလင်းထားရန်နှင့် လိုအပ်သည့်အတိုင်းအတာအလျောက် ပြင်ဆင်ပေးနိုင်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်တင်ပြသွားရန်တို့ကို မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ရောက်ရှိစစ်ဆေးခဲ့သည့် ဘူတာများအနက် ပြည်ဝင်ဘူတာ၊ ရေနီဘူတာ၊ မြို့လှဘူတာ၊ ကုန်းကြီးဘူတာ၊ ကျေးတောဘူတာနှင့် တောင်ငူဘူတာတို့ရှိ ပို့ဆောင်ရေးဝန်ထမ်းမိသားစုများအားလည်းကောင်း၊ ရထားလမ်းပိုင်းအတွင်း မိုင်နှုန်းမြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြသည့် မြို့ပြအင်ဂျင်နီယာဝန်ထမ်းများအားလည်းကောင်း တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန