ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နည်းပညာဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပညာသိပ္ပံကျောင်း အစည်းအဝေးခန်းမတွင် ပြည်တွင်းလေကြောင်းလိုင်းများ၊ လေဆိပ် Operator များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပညာသိပ္ပံကျောင်း အစည်းအဝေးခန်းမတွင် ပြည်တွင်းလေကြောင်းလိုင်းများ၊ လေဆိပ် Operator များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနသို့ ရောက်ရှိရာ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း မတိုက်ခတ်မီ မုန်တိုင်းဒဏ်ကြောင့် ဆက်သွယ်ရေးစနစ်များ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါက ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး ရွေ့လျားမိုဘိုင်း ဆက်သွယ်ရေးယာဉ်များ၊ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ချိတ်ဆက်အသုံးပြုနိုင်သည့် ဂြိုဟ်တုဆက်သွယ်ရေးစလောင်းများ ကြိုတင် ဖြန့်ခွဲပေးပို့ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် ပျက်စီး ချို့ယွင်းသွားသည့် ဆက်သွယ်ရေးတာဝါတိုင်နှင့် စခန်းများကို အချိန်တိုအတွင်း ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဆက်သွယ်ရေးစနစ် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ပျက်စီးချို့ယွင်းသွားသည့် စက်ပစ္စည်းများနှင့် ကေဘယ်ကြိုးများကို လက်ရှိထက် ပိုမိုကောင်းမွန်သော စက်ပစ္စည်းနှင့် ဖိုင်ဘာကေဘယ်ကြိုးများဖြင့် အစားထိုးလဲလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အရေးကြီးပါကြောင်း၊ မုန်တိုင်း ကျရောက်မှု မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည့်အတွက် မုန်တိုင်းတိုက်ခတ်ပြီးနောက် ဆက်သွယ်မှုများ ပြတ်တောက်ချိန်၌ အရေးပေါ်ဆက်သွယ်ရေးစနစ်များကို ချိတ်ဆက် အသုံးပြုနိုင်ခဲ့သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာ အထောက်အကူရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဌာနရှိ အရေးပေါ် ဆက်သွယ်ရေးစနစ်အတွက် အသုံးပြုသည့် စက်ပစ္စည်းများ၊ ယာဉ်ယန္တရားများ အစဉ်ကောင်းမွန်မှုရှိစေရန် စမ်းသပ်အသုံးပြုခြင်း၊ စစ်ဆေး ပြုပြင်ခြင်းများ ပုံမှန်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိ အသုံးပြုနေသည့် အရေးပေါ် ဆက်သွယ်ရေး စနစ်များထက် ပိုမိုကောင်းမွန်သည့် စနစ်များကို လေ့လာပြီး ရှိသင့်သည့် စက်ပစ္စည်းများကို ဖြည့်တင်းထားနိုင်ရေး အကြံပြုတင်ပြရန် လိုအပ်ပါကြောင်း၊  အဝေးဆက်သွယ်ရေး ဆက်ကြောင်းများသည် ဆက်သွယ်ရေး ဝန်ဆောင်မှုများအားလုံး၏ အဓိကကျောရိုး ဖြစ်သည့်အတွက် အစဉ်ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ အရန်ဆက်ကြောင်းများ ထားရှိနိုင်ရေး ဆောင်ရွက်ရန်၊ ပျက်မှ ပြုပြင်ခြင်းမျိုး မဟုတ်ဘဲ Preventive Maintenance လုပ်ငန်းများကိုလည်း ပုံမှန် စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိုခါ မုန်တိုင်းကြောင့် ချို့ယွင်းပြတ်တောက်ခဲ့သည့် ဆက်သွယ်ရေး စနစ်များအတွက် အရေးပေါ်ဆက်သွယ်မှုရရှိအောင် လက်တွေ့ဆောင်ရွက်ခဲ့သည့် အခြေအနေများ အပေါ် လေ့လာသုံးသပ်၍ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ချက်ချင်းပြုပြင်ရမည် များကို ချက်ချင်း ဆောင်ရွက်ရန်၊ ရေတို၊ ရေရှည် စီမံဆောင်ရွက်ရမည်များကို စနစ်တကျ အစီအမံများ ချမှတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးစနစ်များ ဖြစ်စေရေးအတွက် လက်ရှိအားနည်းချက်များကို ဖော်ထုတ်၍ ပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားပါသည်။

ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနရှိ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တပ်ဆင်ထားသည့် စက်ပစ္စည်းများ၊ အရေးပေါ် ဆက်သွယ်ရေးစနစ်အတွက် အသုံးပြုသည့် စက်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး လိုက်လံရှင်းပြခဲ့ရာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပ ထွက်ခွာဆောင်သို့ ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Yangon Aerodrome Services Co.,Ltd. တို့မှ ကြိုဆိုခဲ့ကြပြီး၊ ပြည်ပထွက်ခွာမည့် ခရီးသည်များ လေဆိပ်သို့ စတင်ရောက်ရှိသည့် အချိန်မှစ၍ လေယာဉ်ပေါ်တက်ရောက်သည့်အချိန်အထိ သက်ဆိုင်ရာ လေကြောင်းလိုင်းများနှင့် ဌာနဆိုင်ရာများမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် အခြေအနေများ၊ လုံခြုံရေး စိစစ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပညာသိပ္ပံကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး၊ အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ပြည်တွင်း လေကြောင်းလိုင်းများနှင့် လေဆိပ်အော်ပရေတာများမှ တာဝန်ရှိသူများ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လေဆိပ်နှင့် လေယာဉ်ခရီးစဉ်များအား ဘေးအန္တရာယ်ကင်းရှင်းရေး (Safety)၊ လုံခြုံစိတ်ချမှု ရှိစေရေး (Security) တို့ကို ဥပဒေ နည်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO)၏ သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နိုင်ငံတော်ကိုယ်စား ကြပ်မတ် ထိန်းသိမ်း ကြီးကြပ်ရသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းသွားလာသည့် ခရီးသည်များကို စိတ်ချမ်းသာအောင် သွားလာနိုင်ရေး ဆောင်ရွက်ပေးရန်၊ လေဆိပ်တွင် လေယာဉ်လိုင်းများ၊ လေဆိပ်၏ ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းများ ကောင်းမွန်စေရန်နှင့် စည်းကမ်းကောင်းရန်တို့အတွက် ဆောင်ရွက်ရန် လမ်းညွှန်မှု ပြုထားပါကြောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လေကြောင်းကဏ္ဍနှင့်ပတ်သက်သည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရာတွင် လေကြောင်းလိုင်းများနှင့် လေဆိပ် အော်ပရေတာများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် အသုံးစရိတ်များ အတတ်နိုင်ဆုံး လျှော့ချ နိုင်ရန်အတွက် လေကြောင်းလိုင်းအချင်းချင်း ပူးပေါင်း ပျံသန်းဆောင်ရွက်မှုစနစ် (Codeshare) အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း၊ ခရီးသည်လိုက်ပါမှု များပြားသည့် ခရီးစဉ်များ ပျံသန်းရာတွင်လည်း ခရီးသည်များ အဆင်ပြေမှုရှိစေရေးအတွက် လေကြောင်းလိုင်းများအလိုက် ခရီးစဉ်အချိန်များ (Slot Allocation) ကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ လေကြောင်းလိုင်းများနှင့် ညှိနှိုင်းသတ်မှတ် ပျံသန်းကြရန် လိုအပ်ပါကြောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် လေဆိပ် အော်ပရေတာများအနေဖြင့် တာဝန်ယူ ဆောင်ရွက်သည့် လေဆိပ်များတွင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ လေဆိပ်အဆောက်အဦများ အမြင်တင့်တယ်မှု ရှိစေရေး၊ ခရီးသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးတို့အတွက် ကောင်းမွန်သည့် ဝန်ဆောင်မှုများဖြစ်အောင် အစဉ်တစ်စိုက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လေဆိပ်များတွင် လေယာဉ်လုံခြုံရေးနှင့် ခရီးသည် လုံခြုံရေးတို့အား လုံခြုံရေး အသိ၊ သတိရှိစေရေးအတွက် ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန်နှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် လေကြောင်းလိုင်းများနှင့် လေဆိပ် အော်ပရေတာများမှ တာဝန်ရှိသူများက လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနေမှု အခြေအနေများ၊ လေဆိပ်အလိုက် ခရီးသည်နှင့် လေယာဉ်ခရီးစဉ်များ အတွက် ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ လေယာဉ်နှင့် ခရီးသည်များ လုံခြုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။  

                                                                       ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန