ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ စက်တင်ဘာလ (၈) ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းသမ္မတအကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင် အတွင်းရေးမှူး မစ္စတာအန်တွန်ကိုဘရာကော့၏ ဖိတ်ကြားမှုအရ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက် အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဒုတိယဝန်ကြီးချုပ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဌာနများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်တို့ လိုက်ပါသွားကြပြီး၊ အဆိုပါကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊  မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန