ပူတာအို၊ ဩဂုတ် ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ ဌာန/အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဌာနအလိုက် တာဝန်ရှိသူများမှ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ဖြေကြားရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ၏ မိသားစုများအပါအဝင် ကျန်းမာရေးအထူးအလေးထားဂရုစိုက်ကြရန်၊ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်း/စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ အထက်မှပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် ဌာနအချင်းချင်း စည်းလုံးညီညွှတ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ ဌာနတာဝန်ခံများအနေဖြင့် မိမိဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ခံစားခွင့်ကိစ္စရပ်များကို လစ်ဟင်းမှုမရှိစေဘဲ တတ်နိုင်သမျှအလေးထားဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အခက်အခဲများနှင့် တွေ့ကြုံရပါက သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်အဆင့်သို့ သတင်းပို့တင်ပြဆောင်ရွက်သွားကြရန်၊ မိမိရုံးဌာနနှင့် ပတ်ဝန်းကျင်အား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေး ပုံမှန်ဆောင်ရွက်သွားကြရန်၊ အောက်ခြေဝန်ထမ်းများအထိ လုံခြုံရေးအသိ၊ အမြင်များရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ပူတာအိုမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီ အစရှိသည့် အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများ၏ ရုံးအဆောက်အဦများ၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ပါသည်။
ထိုမှတဆင့် ပူတာအိုလေဆိပ်သို့ရောက်ရှိပြီး လေကြောင်းဖြင့် ခရီးသွားလာလျှက်ရှိသော ခရီးသွားလုပ်သားပြည်သူများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆိုက်ရောက်/ ထွက်ခွာမှု အခြေအနေများ၊ လေဆိပ်တွင် အသုံးပြုလျှက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ/မရှိ အခြေ အနေများ၊ လေယာဉ်ပြေးလမ်းမီးအခြေအနေများ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေးစက်များ၊ လေကြောင်းထိန်းစနစ်များ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများ၊ လေယာဉ်ပြေးလမ်းနှင့် ပြေးလမ်း၏ဝဲယာ မြက်ပင်ရှည်ခြုံနွယ်များ ပုံမှန်ရှင်းလင်းထားရှိမှု အခြေအနေများနှင့် ပန်းနှမ်းပင်များ စိုက်ပျိုးရန် လျာထားသည့်မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန