ဒုတိယဝန်ကြီး ဦးအောင်မြိုင် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ  ၁၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ၊ မေလ (၁၆) ရက်နေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေများ၊ အဆိုပါရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများနှင့် ရထားလမ်းတံတားများ စစ်ဆေးပြီး တောင်ငူမီးရထားတိုင်းရုံး၌ တိုင်းအဆင့်အရာထမ်းများနှင့် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အပိုင်း (၁) ဖြစ်သည့် ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ စီမံကိန်းအင်ဂျင်နီယာများအား တွေ့ဆုံ၍ အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးမှာကြားသည်။

ဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများအမြန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ရထားလမ်းအတွင်းရှိရမည့် လမ်းခင်းကျောက်ထုအတိုင်း စနစ်တကျဖြည့်တင်း၍ Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ကြီးများဖြင့် ကျောက်ပါကင်ရိုက်ခြင်းလုပ်ငန်းအား သေချာစွာဆောင်ရွက်ရန်၊ ကွေ့နေရာများတွင် Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ငူမီးရထားတိုင်းရုံး၌ မြန်မာ့မီးရထား တိုင်းအဆင့်အရာထမ်းများနှင့် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအပိုင်း (၁) ဖြစ်သည့် ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ စီမံကိန်းအင်ဂျင်နီယာများအား တွေ့ဆုံ၍ မိမိတိုင်းနယ်မြေအတွင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊  ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ခရီးသွားပြည်သူများအား ဝန်ဆောင်မှုပေးရာတွင်လည်း Service Manual များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည်  ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ စီမံကိန်းအင်ဂျင်နီယာများအား မိမိတို့၏အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးရေး၊ ရထားလမ်းပိုင်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်သွားရေး၊ အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ရထားလမ်းနှင့်အတူ တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန