ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဆောင်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်း၊ ဦးစိုးဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးအောင်လှထွန်း၊ ဦးသာဦး၊ ဦးဝင်းမော်ထွန်း၊ ဆပ်ကော်မတီ(၄)ခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ က ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ (၂၅)ရက်တွင် နိုင်ငံတော် သမ္မတရုံးက ̏ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ˝ ကို လုပ်ငန်းတာဝန်(၇)ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးဆောင်၍ (၁၃)ဦးဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံပိုင်ဂြိုဟ်တု စနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီကို လုပ်ငန်းတာဝန်(၆)ရပ် ချမှတ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ (၉)ဦး ဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှ စ၍ ကျင်းပခဲ့ရာ (၅)ကြိမ်ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်စုစုပေါင်း (၂၆)ချက်ကို ချမှတ်ခဲ့ကြောင်း၊ ၎င်းဆုံးဖြတ်ချက်များတွင် ဆောင်ရွက်ပြီး(၁၉)ချက်နှင့် ဆောင်ရွက်ဆဲ(၇)ချက်တို့ရှိပါကြောင်း၊ ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှု များကိုလည်း ပြီးခဲ့သည့် အစည်းအဝေးများတွင် တင်ပြဆွေးနွေးခဲ့ကြပြီးဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီ (၁၂) ရက်တွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်(၇)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၅)ချက်နှင့် ဆောင်ရွက်ဆဲ(၂)ချက်တို့ရှိပါကြောင်း၊ ဆောင်ရွက်ဆဲ(၂)ချက်အနက် တစ်ခုဖြစ်သည့် “Space Agency ကို မိတ္ထီလာမြို့နယ်တွင် တည်ထောင်နိုင်ရေး” နှင့်ပတ်သက်၍ Space Agency တည်ထောင်မည့်မြေနေရာရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက အမြန်ညှိနှိုင်းစီစဉ်ပေးရန်ဖြစ်ပါကြောင်း၊ Space Agency တည်ထောင်နိုင်ရန် United Nations Office for Outer Space Affairs ( UNOOSA ) သို့ တင်ပြနိုင်ရေးအတွက် သက်ဆိုင်သည့်ဝန်ကြီးဌာနက အမြန်ပြီးပြတ်အောင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဆုံးဖြတ်ချက်နောက်တစ်ခုမှာ အဖွဲ့ဝင်ဝန်ကြီးဌာနများ အကျုံးဝင်မည့် Comprehensive Law ကို ရေးဆွဲရန် ဖြစ်ပြီး အဆိုပါအချက်နှင့်ပတ်သက်၍ “ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်းဆပ်ကော်မတီ” အနေဖြင့် အမြန်ပြီးစီးရေး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေးအကောင်အထည်ဖော်ရန် အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒုတိယအဆင့်အဖြစ် အချိုးကျပူးတွဲပိုင်ဆိုင်မည့် MyanmarSat-2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် အာကာသသို့ လွှတ်တင်ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလလယ်ခန့်၌ နည်းပညာသစ်များဖြင့် စတင်အသုံးပြုနိုင်ရန် လျာထားဆောင်ရွက် ခဲ့သော်လည်း စိတ်ချသေချာစေရန် အကြိမ်ကြိမ် စိစစ်ဆောင်ရွက်ခဲ့ခြင်း၊ အတူတကွ လွှတ်တင်မည့်အခြားအဖွဲ့အစည်းပိုင်ဂြိုဟ်တုများ အဆင်သင့်ဖြစ်မှုနှောင့်နှေးခဲ့ခြင်း စသည့် အကြောင်းများကြောင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၇ ရက်၊ မြန်မာစံတော်ချိန်နံနက် ၂ နာရီ အချိန်တွင်အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါကြောင်း၊ အာကာသပတ်လမ်းတွင် ရောက်ရှိနေပြီ ဖြစ်သည့် အဆိုပါဂြိုဟ်တုကို လိုအပ်သည့်စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစောဆုံး စတင်အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အောင်မြင်ရန်အတွက် ဆောင်ရွက် ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ အဆိုပါ MyanmarSat-2 ဂြိုဟ်တုသည် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ကုန်ကျမည်ဖြစ်ပြီး အရစ်ကျငွေပေးချေခြင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ MyanmarSat-2 ဂြိုဟ်တုတွင် မြန်မာနိုင်ငံအတွက် အသုံးပြုနိုင်သည့် C-Band လိုင်းအင်အား ၄၃၂ MHz နှင့် Ku-Band လိုင်းအင်အား ၄၃၂ MHz တို့ ပါဝင်ပြီး အဆိုပါလိုင်းများကို ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအနåရာယ်၊ သစ်တောကဏ္ဍ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်သည့် အခြားကဏ္ဍများတွင် ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် အခြားဂြိုဟ်တုများ ငှားရမ်းသုံးစွဲနေမှုများကြောင့် မလိုအပ်ဘဲ နိုင်ငံခြားငွေ သုံးစွဲနေရမှုများ လျော့နည်းစေရန် နိုင်ငံတော်ပိုင် MyanmarSat-2 ဂြိုဟ်တုကို တတ်နိုင်သမျှ ငှားရမ်းသုံးစွဲသွားရန်နှင့် ပုဂ္ဂလိကကဏ္ဍသုံးစွဲသူများကိုလည်း ငှားရမ်းအသုံးပြုလာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံကအလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ရေး အတွက် ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ်က ကမ်းလှမ်းထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန ကလည်း ဘတ်ဂျက်လျာထားပြီး ဖြစ်သည့်အတွက် လျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း။

ဦးဆောင်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ အနေဖြင့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကြိုတင်ပြင်ဆင်ထားရမည့်ကဏ္ဍများ၊ ပူးပေါင်းဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် အဆင့်(၃)ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ Myanmar Sat– 2 ဂြိုဟ်တုမှ ရရှိအသုံးပြုနိုင်မည့် C-Band နှင့် Ku-Band များအပေါ် ငှားရမ်းသုံးစွဲနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ အလုံးစုံ ပိုင်ဆိုင်သည့် အနိမ့်ပျံကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်း၊ ဦးစိုးဝင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့ကလည်းကောင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအောင်လှထွန်း၊ ဦးသာဦးနှင့် ဦးဝင်းမော်ထွန်း တို့က လည်းကောင်း၊ ̏ မြန်မာနိုင်ငံ ပိုင်ဂြိုဟ်တု ထရန်စပွန်ဒါငှားရမ်းရေး ဆပ်ကော်မတီ˝ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ̏ မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ်ဆိုင်ရာ ဥပဒေရေးရာနှင့်လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီ˝ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာဦး၊ ̏ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် ဆိုင်ရာ နည်းပညာဆပ်ကော်မတီ ˝ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်သွင်၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက MyanmarSat-2 ဂြိုဟ်တု ထရန်စပွန်ဒါများကို ငှားရမ်းအသုံးပြု ဆောင်ရွက်သွားမည့်အစီအမံ များ၊ အနိမ့်ပျံ ဂြိုဟ်တုလွှတ်တင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအစီအမံများနှင့် အသုံးပြုမည့် ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များ၊ ဂြိုဟ်တုငှားရမ်းသုံးစွဲရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ဂြိုဟ်တုလွှတ်တင်ရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဂြိုဟ်တုလွှတ်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်အညီ မှတ်ပုံတင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီရယူနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။