ဒုတိယသမ္မတ ဦးမြင့်ဆွေ e-Government ဦးဆောင်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က မြန်မာနိုင်ငံတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၄/၂ဝ၁၈ ဖြင့်“e-Government ဦးဆောင်ကော်မတီ” ကို လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတ ဦးဆောင်၍ (၄၆)ဦးဖြင့် လည်းကောင်း၊“e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ”ကို လုပ်ငန်းတာဝန်(၅)ရပ်ချမှတ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ (၄၅) ဦးဖြင့်လည်းကောင်းဖွဲ့ စည်းခဲ့ပြီးဖြစ်ပါကြောင်း။ e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှု(၁)ချက်ရှိပြီး ဆောင်ရွက်ဆဲ (၄)ချက်ကျန်ရှိနေသေးသည်ကို သိရှိရ ပါကြောင်း။ ဆောင်ရွက်ဆဲလုပ်ငန်းများကို အမြန်ပြီးစီးနိုင်ရေးအတွက် အချိန်တစ်ခု သတ်မှတ်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။ “e-Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အချက်(၃)ချက်ဖြစ်သည့် “ကျွမ်းကျင်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု” တို့လုပ်ဆောင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း။ အဆိုပါ “အဓိက ကျသည့် အချက် (၃)ချက်တွင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင်ရန်နှင့် အစိုးရဌာန အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပါ ကြောင်း” နာယက၏လမ်းညွှန်ခဲ့မှုအပေါ် အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြ ရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ထို့ပြင် “e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး” ကို ၂ဝ၁၈ ခုနှစ် မေလ ( ၉ ) ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၄)ချက်ချမှတ်ခဲ့ပြီး ဆုံးဖြတ်ချက်အားလုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်သည်ကိုလည်း သိရှိရပါကြောင်း။ e-Government စနစ်ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အတွက် ဦးဆောင်ကော်မတီက ၂ဝ၁၈ ခုနှစ်၊ ဇွန်လ(၁၂)ရက်တွင် e-ID စနစ် လုပ်ငန်း ကော်မတီ၊ ကြီးကြပ်ကွပ်ကဲမှုဆပ်ကော်မတီ၊ အခြေခံအဆောက်အဦ၊ စနစ်၊ ပုံစံနှင့် ဒီဇိုင်း ဆပ်ကော်မတီ၊ ဝယ်ယူရေးနှင့် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ စံသတ်မှတ်ရေး ဆပ်ကော်မတီ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပြန်ကြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ၊ စုစုပေါင်းကော်မတီ(၁)ခုနှင့် ဆပ်ကော်မတီ(၈)ခု တို့ကို ဖွဲ့စည်းခဲ့ပါကြောင်း။ အဆိုပါလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် အပတ်စဉ် သို့မဟုတ် နှစ်ပတ်လျှင် (၁)ကြိမ် တွေ့ဆုံဆွေးနွေးပြီး သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို အမြန်အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြစေလိုပါကြောင်း။ ထို့ပြင် Quick Win အဖြစ် PPP (Public Private Partnership) ပုံစံဖြင့် အကောင် အထည်ဖော်နိုင်မည့် ဝန်ဆောင်မှုများကိုလည်း သေချာစွာ လေ့လာသုံးသပ်ပြီး အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုပါကြောင်း။ ကော်မတီအားလုံးအနေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်မှု အခြေအနေများကိုလည်း လစဉ်အစီရင်ခံစာပြုစု တင်ပြသွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း။ IT (Information Technology) နှင့် e-ID စနစ်များနှင့် ပတ်သက်၍ ခေတ်စနစ် နှင့် လျော်ညီသည့် ဥပဒေ၊ နည်းဥပဒေသစ်များ ပြန်လည်ရေးဆွဲနိုင်ရေးအတွက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက် သွားကြရန်နှင့် ISO (International Standard Organization) အရ ကိုက်ညီသည့် မြန်မာ Unicode ကို စံစနစ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ် အသုံးပြုရေးကိုလည်း အမြန်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။ လုပ်ငန်းများဆောင်ရွက်ကြရာတွင် Re-engineering အပိုင်း၌ လက်ရှိဆောင်ရွက် နေကြသည့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး မလိုအပ်သည့် အချက်များကို လျော့ချကာ ခေတ်စနစ်နှင့် လျော်ညီအောင် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ( ၂၁ )ရက်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟိုရုံးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ CIO (Chief Information Officer)များကို စုစည်း၍ လက်ရှိ IT နှင့် e-Government ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် Survey and Assessment (စစ်တမ်းကောက်ယူခြင်း၊ အကဲဖြတ်ခြင်း) လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်ကိုလည်း သိရှိရပါကြောင်း၊ ယခုကဲ့သို့ စစ်တမ်းကောက်ယူခြင်းမှ ထိရောက်အကျိုးရှိသည့် စီမံချက် (Plan) များ ရေးဆွဲဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် “ရေရှည်လုပ်ငန်းစဉ်”များ သတ်မှတ်ဆောင်ရွက်သွားရမည့်အပြင် အချိန်တိုအတွင်း ပြည်သူများ အတွက် သိသာထင်ရှားသည့် ရလဒ်များရရှိနိုင်မည့် Quick Win Service များအတွက် “ရေတိုလုပ်ငန်းစဉ်” များကိုလည်း စနစ်တကျသတ်မှတ်ရေးဆွဲပြီး တစ်ပြိုင်နက်ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ “ဖွဲ့စည်းမှုများ” “လုပ်ငန်း တာဝန်များ” နှင့်ပတ်သက်၍ ထပ်မံဖြည့်စွက်ရန်နှင့် ပြင်ဆင်ရန်လိုအပ်သည်များရှိပါကလည်း အကြံပြု ဆွေးနွေးတင်ပြကြရန်နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ထို့နောက် e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဆိုက်ဘာဥပဒေမူကြမ်းပြုစုရေးဆွဲရေးဆိုင်ရာအကြောင်းအရာများ၊ e-ID စနစ်အတွက် လိုအပ်သည့် ဥပဒေနှင့် နည်းဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ အကြောင်းအရာများ၊ Myanmar Unicode စနစ် အသုံးပြုရေးဆိုင်ရာအကြောင်းအရာများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်း ( Public Private Partnership – PPP ) စနစ် အသုံးပြုနိုင်ရေးဆိုင်ရာ အကြောင်းအရာများ ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် e-Government ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးသာဦး က e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် e- ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က e - ID စနစ်အသုံးပြုနိုင်ရေးလေ့လာတွေ့ရှိချက်များနှင့် e - ID စနစ် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နာယက ဦးသောင်းတင် က အသင်းချုပ်၏ ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း(PPP)စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် e-Government ဦးဆောင် ကော်မတီဝင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ e - Government စနစ် Data Centre နှင့် Central Control Room များအတွက် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က တက္ကသိုလ်များနှင့်ဝန်ကြီးဌာနများတွင် e – Government စနစ် နှင့် စပ်လျဉ်းသည့် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း က e – Learning Centre တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ e – Learning Lecture ဆိုင်ရာကိစ္စရပ်များနှင့် အကျိုးဖြစ်ထွန်းမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ e-Government စနစ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် Data လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လူ့စွမ်းအားအရင်းအမြစ် မြှင့်တင် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က e – ID စနစ် တည်ဆောက် အသုံးပြုနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က e-Government စနစ် အကောင်အထည်ဖော်ရာတွင် ဦးစားပေးဆောင်ရွက်သင့်သည့် အချက်များနှင့် တွေ့ကြုံရသည့်အခက်အခဲများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးအကြံပြု တင်ပြကြရာ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးသည်။ ယင်းနောက် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။