နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာလ (၁၉) ရက်

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Vitaly Saveliev  ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက် နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲသို့ တက်ရောက်ခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိစဉ်အတွင်း နိုဝင်ဘာလ(၁၆)ရက်နေ့တွင် မီးရထားစက်ခေါင်း၊ တွဲများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ မောင်းသူမဲ့လေယာဉ်များကို မြို့တွင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး၊ ရန်ကုန်-ဗလာဒီဗော့စတော့၊ ရန်ကုန်- နိုဗိုစီဗစ် ၊ ရန်ကုန်- ကရာနိုရက်စ် နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Igor Petrovich Chalik နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးပူးပေါင်း ဆောင်ရွက်မှု စုံညီဆွေးနွေးပွဲ (International Transport Cooperation in 2022) သို့ တက်ရောက်ခဲ့ပြီး Transport Week ကာလအတွင်း ခင်းကျင်း ပြသထားသော ပြခန်းများကိုလည်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

နှစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနများအကြား တွေ့ဆုံမှုအစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဖက်က ရထားပို့ဆောင်ရေးဆိုင်ရာ တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍများတွင် အတွေ့အကြုံ ရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီ များစွာရှိသဖြင့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်က ရန်ကုန်မြို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြို့ကြီး(၃)မြို့တို့အကြား လေယာဉ်ခရီးစဉ်များ ပြေးဆွဲရေးကို အထောက်အကူပြုနိုင်ရန်အတွက် နှစ်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်များအကြား သဘောတူညီချက်ကို ယနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Myanmar Airways International (MAI) က လည်း နှစ်နိုင်ငံအကြား ခရီးစဉ်များကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် အဆိုပြုလွှာ တင်ပြထားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ဒေသတွင်း အချက်အခြာကျသည့် နေရာတွင် တည်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့်လုပ်ငန်း/ နယ်ပယ် အများအပြား ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာရထားလမ်း ကွန်ရက်အောက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကားလမ်း ကွန်ရက် ဆက်သွယ်မှုအတွက် အာရှလမ်းမကြီး၊  အာဆီယံလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ လမ်းမကြီးတို့ကို ဖော်ဆောင်လျက်ရှိကြောင်း၊ တစ်ဆက်တည်းတွင် အာဆီယံ၊ ဘင်းမ်စတက်နှင့် ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည်နှင့် ခရီးသည်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအား နှစ်နိုင်ငံအကြား လွယ်ကူချောမွေ့စေရေးနှင့် တစ်ပြေးညီ ဖြစ်စေရေး၊ ဘက်စုံပို့ဆောင်မှု မြှင့်တင် အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံနှင့် ရုရှားဆက်သွယ်နိုင်ရေးအတွက် မြောက်-တောင် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး စင်္ကြန် (North-South Transport Corridor) ဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ စွမ်းရည်ရှိသော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်က ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးကျွမ်းဝင် သော ဆက်ဆံမှုကို ပေးစွမ်းနိုင်ကြောင်းဖြင့် ဆွေးနွေးခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသည့် Transport Week သို့ နိုင်ငံပေါင်း (၃၆)နိုင်ငံမှ ကိုယ်စားလှယ် (၁၆၀)ဦးခန့်နှင့် ရုရှားနိုင်ငံမှ တာဝန်ရှိသူများ ကျွမ်းကျင် ပညာရှင်များ၊ လုပ်ငန်း/အဖွဲ့အစည်းများနှင့် လေ့လာသူများ စုစုပေါင်း(၁၄၀၀)ဦးခန့် တက်ရောက်ခဲ့ ကြပြီး၊ ရုရှား-မြန်မာ နှစ်နိုင်ငံ အကြား လေကြောင်းဆက်သွယ်မှု အပါအဝင် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန