နေပြည်တော်၊ ဧပြီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၂၁ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပျဉ်းမနားဘူတာယာဒ်ဝင်းနှင့် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနေရာများ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နေရာများသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားဘူတာသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ရထားလက်မှတ်ရောင်းအဆောက်အဦ ပြိုကျပျက်စီးနေမှုအား လိုအပ်သည့် ပြန်လည်မွမ်းမံမှုဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးပြီး အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး မှာကြားခဲ့သည်။ ၎င်းနောက် ဘူတာယာဒ်ဝင်း ထိန်းသိမ်းခြင်းဆိုင်ရာ အဆောက်အဦပြိုကျပျက်စီးမှု၊ ယာဒ်ဝင်းအတွင်း လျှပ်စစ်ဓာတ်အားထုတ်ပေးသည့် ဓာတ်အားခွဲရုံပျက်စီးမှုအား ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဘူတာတွင်းစာတိုက်အဆောက်အဦ၊ လူကူးခုံးကျော်တံတားမွမ်းမံပြင်ဆင်ရန် လိုအပ်မှုတို့ကို စစ်ဆေးပြီးနောက် ရှေးဟောင်းအုတ်ကြွပ်အမိုးပြားများ စနစ်တကျသိမ်းဆည်းရေး၊ ဆယ်တင်ပစ္စည်းများ လေလွင့်မှုမရှိစေရေးတို့ကို မှာကြားခဲ့သည်။ ထို့အပြင်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဘူတာရထားလမ်းခွဲ/လမ်းကူးများ ထိန်းချုပ်သည့်စနစ်အား အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ကျွမ်းကျင်ဝန်ထမ်းများ၊ အငြိမ်းစားယူခဲ့ပြီးသော ဝန်ထမ်းဟောင်းများ၊ ဌာနနှင့်လုပ်ငန်းဆက်စပ် ဆောင်ရွက်နေသည့် ပညာရှင်များအား ဖိတ်ခေါ်စုစည်းတိုင်ပင်၍ အကောင်းဆုံးနည်းလမ်းကို ဖော်ထုတ်၍ လက်တွေ့ဆောင်ရွက်သွားနိုင်ရေး လိုအပ်ချက်များကို မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပင်မရုံးအဆောက်အဦပျက်စီးမှုကြောင့် လုပ်ငန်းသုံးပစ္စည်းများအား ယာယီရွှေ့ပြောင်း နေရာချထားပြီးစီးမှုအခြေအနေ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Data Center Farm တည်ဆောက်နေမှု လုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် လူ၊ ပစ္စည်းနှင့်စနစ်တို့ လုံခြုံမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဂရုပြုဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာ တည်ဆောက်အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးရုံး၊ ရုံးအမှတ် ၅ နှင့် ရုံးအမှတ် ၂ တို့၏ နယ်နိမိတ်များအတွင်း ငလျင်ဒဏ်ခံ ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် ဘာရှာအဆောက်အဦများ ဆောက်လုပ်ရန်မြေနေရာများ ရွေးချယ်လျက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန