နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန် ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (27th St. Petersburg International Economic Forum - SPIEF-2024) တက်ရောက်ရာမှ ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ ကမကထပြုမှုဖြင့် ဆောင်ရွက်ခဲ့ကာ ဖိုရမ်ပြုလုပ်သည့် အခမ်းအနားတိုင်းတွင်လည်း သမ္မတကိုယ်တိုင် တက်ရောက်ချီးမြှင့် ဆွေးနွေးပြောကြားလေ့ရှိသည်။ ရုရှားနိုင်ငံ လက်ရှိဆောင်ရွက်လျက်ရှိသော အဓိကစီးပွားရေးကဏ္ဍများ၊ အစဉ်အမြဲကြီးထွားလာသည့် ဈေးကွက်များနှင့်  မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအခြေအနေများကို နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများအကြား ဆွေးနွေးဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ယခုဖိုရမ်သည် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတစ်ခုအဖြစ် ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာထမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိကစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဥရောပအာရှ စီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Sergei Yurievich Glazyev နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အီးအေအီးယူအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ အီးအေအီးယူ၏ ဒေသတွင်းစီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုများအား လေ့လာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ပူးတွဲလုပ်ငန်းအဖွဲ့ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ရုရှားသမ္မတ၏အကြံပေး၊ ရုရှား ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဥက္ကဋ္ဌ Mr. Anton Kobyakov ခေါင်းဆောင်သော ကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံခြင်းကိုလည်းကောင်း၊ ဆက်လက်၍ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဇွန်လ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maksim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းအရ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာ-ရုရှား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ပို့ဆောင်ရေးနှင့်အခြေခံအဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Igor Levitin ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်အခြားကဏ္ဍများတွင် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Viktorovich Polyakov တည်ခင်းဧည့်ခံသော အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ဇွန်လ ၇ ရက်နေ့တွင် ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Mr. Roman Vladimirovich Starovoyt ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြား လေကြောင်းလိုင်းပြေးဆွဲနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ရထားပို့ဆောင်ရေးကဏ္ဍတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းကူညီ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးများက ဖိုရမ်၏ Panelist များအနေဖြင့် တက်ရောက် ဆွေးနွေးကြရာတွင် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က EAEU-ASEAN Business Dialogue ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇွန်လ ၇ ရက်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက The Economic of Health: Effectively Managing Health and Improving Quality of Life ခေါင်းစဉ်ဖြင့်လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့သည်။

ထို့ပြင် သီးခြားတွေ့ဆုံမှုများအနေဖြင့် ဇွန်လ ၇ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ခေါင်းဆောင်သောအဖွဲ့နှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Mikhail Murashko နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ရေးဆွဲရေး ကိစ္စရပ်များနှင့် တောင်ကြီးစပ်စံထွန်းဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရုရှားနိုင်ငံမှ ကင်ဆာရောဂါ ကုသမှုဆေးဝါးများ တင်သွင်းဖြန့်ချီရေးနှင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၇ ရက်နေ့၊ ညနေပိုင်းတွင် (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က မိန့်ခွန်း ပြောကြား၍ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ဗိုလစ်ဗီးယားနိုင်ငံ သမ္မတ Mr. Luis Arce နှင့် ဇင်ဘာဘွေနိုင်ငံ သမ္မတ Mr. Emmerson Mnangagwa တို့က ပါဝင်ဆွေးနွေးခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နည်းပညာဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် သီးခြားတွေဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၏ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီဖြစ်သည့် PJSC Gazprom Company မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စွမ်းအင်ဆိုင်ရာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ နေ့ခင်းပိုင်းတွင် FESCO Transportation & Logistics Company မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်းကောင်း၊ ဇွန်လ ၇ ရက်နေ့ နေ့ခင်းပိုင်းတွင် Business Russia နှင့် Aquarius နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန