နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဧပြီ ၄

e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ e-Government ဦးဆောင် ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ e-Government ပတ်သက်လို့ ကျွန်မတို့ အစကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီးချထားတဲ့ မူဝါဒ ၁၂ ချက်ထဲမှာ တစ်ချက် ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်။ ဒါကို e-Government ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီနှစ်အတွင်းမှာ အဲဒီဘက်က နှောင့်နှေးနေတာကိုလည်း သတိပြုမိပါတယ်။ e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က အဓိက ဖြစ်ပါတယ်။ ကျွမ်းကျင်မှုလိုအပ်ချက်ရှိမယ်၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ရှိမယ်၊ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်။

ဒီ လိုအပ်ချက် ၃ ခုစလုံး ဖြည့်ဆည်းဖို့ အခုလိုအစည်းအဝေးခေါ်တာလို့ နားလည်ပါတယ်။ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ဒုတိယသမ္မတကြီးဦးမြင့်ဆွေက ဦးဆောင်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ သုံးချက်ထဲမှာ အဓိက အမြန်ဆုံးစတင် လုပ်ရမှာတော့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။ အစိုးရအဖွဲ့ဌာန အသီးသီး ပြည်နယ်၊ တိုင်းအစိုးရများနဲ့ အားလုံး ပူးပေါင်းပြီး မလုပ်ရင် e-Government ဆိုတာ တကယ်တော့ ဖြစ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှုတွေကျတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ အခြေအနေအရ၊ ပညာရေး စနစ်အခြေအနေအရ ဒါတွေ ကို စောင့်ဆိုင်းပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ခြင်းဆိုတာကတော့ ဒီနေ့က စပြီးလုပ်နိုင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒီလိုပူး ပေါင်း ဆောင်ရွက်မှုရှိမှလည်း e-Government ရည်ရွယ်ချက်က ထမြောက်နိုင်မှာပါ။

အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှိဖို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့နဲ့ ရင်ဘောင်တန်းပြီး ခေတ်သစ်၊ စနစ်သစ်တွေကို မသုံးလို့လည်းမဖြစ်ပါဘူး။ အဲဒီလို မသုံးရင် ကျွန်မတို့နိုင်ငံဟာ တစ်ခြားနိုင်ငံတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဒီအထဲမှာ e-Government နဲ့ ပတ်သက်လို့ ကျွန်မကို အချက်အလက်တွေပေးထားပါတယ်။ ဒီအချက် အလက်တွေကို ကျွန်မတို့ထက် အသေးစိတ်သိမယ့် ပုဂ္ဂိုလ်တွေလည်း ဒီအစည်းအဝေးမှာ ရှိပါတယ်။

စောစောကပြောသလို ပူးပေါင်းဆောင်ရွက်ခြင်းကတော့ သိပ်အရေးကြီးပါတယ်။ တစ်ဌာနနဲ့ တစ်ဌာန ပူးပေါင်း ဆောင်ရွက်မှုမရှိရင် e-Government ကိစ္စမပြောနဲ့ တခြားကိစ္စတွေမှာလည်း မြန်သင့်သလောက် အောင်မြင်နှုန်းက မမြန်နိုင်ပါဘူး။ e- Government ဆိုတာ ကတော့ အစိုးရတစ်ခုလုံးနဲ့ဆိုင်တယ်။ တကယ်တော့ ပြောမယ်ဆိုရင် နိုင်ငံတော် တစ်ခုလုံးနဲ့ ဆိုင်တယ်။

e-Government လုပ်ဆောင်ခြင်းရဲ့ ရည်ရွယ်ချက်က ပြည်သူလူထုအတွက် အဆင်ပြေဖို့ ဆိုတဲ့အထဲမှာ မြန်မြန်ဆန်ဆန် အလုပ်ပြီးဖို့လည်းပါတယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှု ပပျောက်သွားဖို့လည်း ပါဝင်ပါတယ်။ တချို့ကပြောတာ တော့ အဂတိ လိုက်စားမှု လုံးဝပပျောက် တဲ့နိုင်ငံ ဒီကမ္ဘာကြီးမှာ မရှိဘူးပေါ့။ ဒါပေမယ့်လည်း နည်းနိုင်သမျှ နည်းသွားအောင်လို ဦးတည်ပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်။

ဒီဟာအတွက် e-Government က အများကြီး အထောက်အကူပေးနိုင်ပါတယ်။ နောက်တစ်ခု က ကျွန်မတို့နိုင်ငံနဲ့ အစိုးရနဲ့ ပတ်သက်လို့ပြောတာက လုပ်ငန်းတွေက နှေးကွေးတယ်၊ မြန်မြန်ဆန်ဆန်မပြီးဘူး၊ မလိုအပ်တဲ့ ကြိုးနီစနစ်တွေက ရှုပ်ထွေးနေတယ်။ ဒီဟာတွေကို ရှောင်ရှားဖို့ရာအတွက်ကို e-Government မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့က အရေးကြီးပါတယ်။

တချိန်တည်းမှာပဲ ယခုခေတ်ရဲ့ တိုးတက်တဲ့ သိပ္ပံနည်းပညာတွေနဲ့ ပတ်သက်ရင် အကျိုးအမြတ် တွေရှိသလို အန္တရာယ်တွေ လည်းရှိပါတယ်။ ဒီဟာတွေကိုလည်း စောစောစီးစီး သိရှိနားလည်ပြီး ဒီအန္တရာယ်တွေကနေ ရှောင်ရှားနိုင်ဖို့အတွက် သတိနဲ့ စတင်ပြီး စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး၊ လုပ်နည်းများကို ဆုံးဖြတ်သွားဖို့ အရေးကြီးပါတယ်။

ဆိုးကျိုး၊ ကောင်းကျိုးကို တစ်ချိန်လုံး ချင့်ချိန်ပြီးတော့ လုပ်သွားရမှာပါ။ ဒီ e-Government လုပ်ရင် အားလုံး ကောင်းတယ်ဆိုပြီး ဒါကိုဖိပြီးတော့ လုပ်လို့လည်း မဖြစ်ပါဘူး။ ဥပမာ - e-Government တင်မကဘူး၊ ခေတ်သစ် နည်းပညာတွေနဲ့ ပတ်သက်လို့ လူတိုင်း၊ လူတိုင်း ရဲ့လုံခြုံမှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုတွေကို ထိခိုက်နိုင်တဲ့ အလားအလာတွေ ရှိတယ်ဆိုတာ အများ သိပြီးသားပါပဲ။ ဒါပေမယ့်လည်း ဒီလိုအလားအလာတွေရှိတယ်ဆိုတာ သိရက်နဲ့ အခုကတည်း က ကြိုတင်ပြင်ဆင်ပြီး ကာကွယ်တာမလုပ်ရင် နောင်ကျမှ မကိုင်တွယ်နိုင်တဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။

ဒီလို နည်းပညာတွေ၊ စနစ်သစ်တွေကို အလွဲသုံးစားမလုပ်ဖို့လည်း အင်မတန် အရေးကြီး ပါတယ်။ အလွဲသုံးစား မလုပ်ဖို့ ဆိုတာဟာ ကျွန်မတို့ရဲ့ အစိုးရပိုင်းဆိုင်ရာကလည်း အလွဲ သုံးစား မလုပ်ဖို့၊ ပြည်သူဘက်ကလည်း အလွဲသုံးစားမလုပ်ဖို့၊ ဒါကြောင့် လုပ်ငန်း အသစ်တစ်ခု ကို ဖော်ဆောင်တဲ့နေရာမှာ ဟိုဘက်ဒီဘက် အဖက်ဖက်ကနေ ကြည့်ပြီး ဆုံးဖြတ်ချက် ချစေချင် ပါတယ်။

ကိုယ်မြင်ချင်တာပဲ မြင်လို့မရပါဘူး။ လုပ်ချင်ဇောနဲ့ဘာမဆို အောင်မြင်မယ်၊ တကယ်တော့ အောင်မြင်မယ်ဆိုတာ သေသေချာချာ စေ့စေ့စပ်စပ် လေ့လာထားလို့ မဟုတ်ပါဘူး။ လုပ်ချင်လို့၊ လုပ်ချင်တဲ့ဇောနဲ့ အားနည်းချက်တွေကို မသိချင် ယောင်ဆောင်ပြီး၊ အားသာချက် တွေကိုဖိပြီး နောင်ကျရင် ပြဿနာတွေကို မကိုင်တွယ်နိုင်တဲ့အနေအထားကို ရောက်သွား နိုင်ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေရဲ့ ဦးဆောင်မှုရဲ့အောက်မှာ e-Government နဲ့ ပတ်သက်လို့ ဆုံးဖြတ် ချက်တွေ ချတဲ့အခါ ပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်မတ်မတ်လုပ်ဖို့ ကိုယ်ဘာ အားသာချက်၊ ဘာအားနည်းချက်တွေရှိမလဲ၊ တချို့ ကိစ္စတွေက ကျွန်မတို့နိုင်ငံမှာ အခုအချိန်အခါမှာ ဖော်ဆောင်ဖို့ မသင့်သေးဘူး။ ဘာဖြစ်လို့ မသင့်သေးတာလဲ ၊ မသင့် တာလား၊ မလုပ်နိုင် တာလား၊ မသင့်လျော်လို့ မလုပ်နိုင်တာလား၊ လုပ်နိုင်မယ့်အရည်အချင်း၊ ငွေရေး၊ ကြေးရေး မရှိသေးလို့ မလုပ်နိုင်တာလား ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုပါတယ်။

ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဖြေရှာရမှာဖြစ်ပါတယ်။ ဒီမှာဆိုရင် တိုင်းနဲ့ ပြည်နယ် အစိုးရက ဝန်ကြီးချုပ်တွေ အားလုံးရောက်နေတယ်လို့ ထင်ပါတယ်။ ကိုယ်တိုင်း၊ ကိုယ့်ပြည် နယ်မှာ တခြားတိုင်း၊ ပြည်နယ်တွေနဲ့အတူ စိန်ခေါ်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေဟာ ယခုလို အစည်းအဝေးမျိုးမှာ တင်ပြဖို့ အကောင်းဆုံး အခွင့်အရေးပဲဖြစ်ပါတယ်။

ဒါကြောင့် တင်ပြကြပါ။ ကိုယ်ရဲ့ တချို့ တိုင်း၊ ပြည်နယ် အစိုးရတွေကတော့ သူတို့ တိုင်း၊ ပြည်နယ်ရဲ့ အားနည်းချက်ကို ဖိပြီးတော့ပြောတယ်။ ဘာလို့လဲဆိုတော့ ပိုပြီးတော့ အထောက်အကူ ယူချင်လို့ ။ တချို့က အားသာချက်တွေကိုဖိပြီး ပြောတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပိုပြီးတော့ နည်းနည်း ကြွားချင်လို့။ ဒီနှစ်ခု စလုံးကို ပိုပြီးတော့ ရှောင်ရမှာပါ။ ကြွားဖို့ လည်းမလုပ်ပါနဲ့ ၊ ပိုပြီးတော့ ယူချင်လို့ ၊ စာနာမလား၊ သနားမလား ဆိုပြီးတော့ အားနည်းချက် တွေကိုလည်း ထုတ်မပြပါနဲ့ ။ မှန်မှန်ကန်ကန် ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ပါ။

e-Government ကို တည်ဆောက်ဖို့ e-Government ကို မြန်မြန်ဆန်ဆန် အောင်မြင် အောင် ဖော်ဆောင်နိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ၊ ဘယ်လို ကိုယ်ရဲ့ဌာန အသီးသီး၊ ကိုယ်တိုင်း၊ ပြည်နယ် အသီးသီးကလည်း ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲဆိုတာကိုလည်း စဉ်းစားစေချင်ပါတယ်။

အားလုံးမှာတော့ ကိုယ့်အားသာချက်၊ ကိုယ်အားနည်းချက်တွေရှိကြမှာပဲ။ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ပါပဲ။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက e-Government နဲ့ ပတ်သက် လို့ အစိုးရနှစ်နှစ်တာတာဝန်ယူကတည်းက ဒါကို ကြိုးပမ်းခဲ့တာပါ၊ သို့သော်ငြားလည်း ပူးပေါင်း ဆောက်ရွက်မှု၊ ချိတ်ဆက်မှု အားနည်းတာတွေကြောင့် အောင်မြင်သင့် သလောက်၊ မျှော်မှန်း သလောက် တိုးတက်မှုမရှိပါဘူး။ အကောင်အထည်ဖော်တဲ့နေရာမှာ ယခု ဒီလိုဖွဲ့လိုက်ပြီဆိုရင် ဒီလို စုပေါင်းပြီး ဆွေးနွေးဖို့လိုပါတယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်း တယ် ဆိုတာ ခဏ ခဏ လုပ်လို့မရပါဘူး။ ပြည်နယ်နဲ့ တိုင်းနဲ့ ပြည်နယ် က ဝန်ကြီးချုပ်တွေ မိမိတို့ရဲ့ တိုင်း၊ ပြည်နယ်က တာဝန်တွေကို ခဏတဖြုတ် ထားခဲ့ပြီးတော့ လာရတယ်ဆိုတာ ခဏခဏ လာလို့ မရပါဘူး။

အခွင့်အရေးရှိတုန်းမှာ အခွင့်အရေးကို အပြည့်အဝသုံးစေချင်ပါတယ်။ အခွင့်အရေးရှိ တုန်းတော့ ပြည့်ပြည့်စုံစုံ ဆွေးနွေး စေချင်ပါတယ်။ လုံခြုံရေးဘက်က ကြည့်မယ်ဆိုရင် ပြည်ထဲရေးတို့ ကာကွယ်ရေးတို့က ပါဝင်ဖို့ လိုပါတယ်။

ကျွန်မတို့ နိုင်ငံတော်အတွက်၊ လုံခြုံရေးအတွက် အကြံပေးအရာရှိဖြစ်တဲ့ ဦးသောင်းထွန်း ကလည်း လုံခြုံရေးဘက်က လည်း ပါဝင်ပြီးတော့ ဆွေးနွေးဖို့လိုပါတယ်။ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း လေ့လာပြီး သင်ခန်းစာတွေ ယူဖို့ အင်မတန် မှ အရေးကြီးပါ တယ်။

ကျွန်မကို ပေးထားတဲ့အချက်အလက်တွေကတော့ စောစောက ကျွန်မပြောသလို ယခုဆိုရင် Mobile Telephone ကွန်ရက်ဟာ လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်းကို လွှမ်းခြုံသွားပြီ။ ၂၀၂၀ ကျရင် ၉၂ ရာခိုင်နှုန်းကို လွှမ်းခြုံဖို့။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက ပိုပြီးတော့ တင်ပြနိုင်မယ် လို့လည်း သိပြီးသားတွေဖြစ်မှာပါ။ e-Government မှာ ဆိုရင် တချို့ကိစ္စတွေက ကိုယ်မစဉ်းစားမိတာတွေကို စဉ်းစားနိုင်တာတွေ ပေါ်လာပါလိမ့်မယ်။

ဥပမာ - ကျန်းမာရေးနဲ့ e-Government ဘယ်လို့ အချိတ်အဆက်ရှိတယ်ဆိုတာကို ကျန်းမာရေးအတွက် e-Government ဟာ ဘယ်လောက်အထောက်ကူပြု နိုင်မယ်ဆိုတာ ကျန်းမာရေးဝန်ကြီးက တင်ပြလာမှ ကျွန်မတို့ အားလုံးက ဂဃနဏ သိမှာပါ။ ထိုနည်း၎င်းပဲ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ စိုက်ပျိုးရေးကို အခြေပြုတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့ စိုက်ပျိုး ရေးကဏ္ဍ တိုးတက်အောင်၊ အောင်မြင်အောင်လို့ e-Government က ဘယ်လို အထောက် အကူပေးနိုင်မလဲ၊ ဘယ်လိုပုံစံနဲ့ ချိတ်ဆက်နိုင်မလဲဆိုတာကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တင်ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ဌာနအတွက် အကျိုးအမြတ်တွေရှိနိုင်သလို ကိုယ်ရဲ့ဌာနကလည်း e-Government အောင်မြင်ရေးအတွက် ပံ့ပိုးနိုင်မလားဆိုတာကို ပွင့်ပွင့်လင်းလင်းတင်ပြကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ် ဟု ပြောကြား သည်။

 

ထို့နောက် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းစဉ်များကို ၂ဝဝ၀ ပြည့်နှစ်မှစတင်ပြီး ကြိုးပမ်းအကောင်အထည်ဖော် ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုး၊ လိုအပ်ချက်အမျိုးမျိုး ကြောင့် အရွေ့နှေးခဲ့သည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ e - Government စနစ် တိုးတက်ကောင်းမွန်လာခြင်းသည် ဒီမိုကရေစီအစိုးရတစ်ရပ်အတွက် ပြည်သူလူထုက အစိုးရ၏ဆောင်ရွက်ချက်များကို ပိုမို ယုံကြည်လာပြီး ပြည်သူလူထု အားကိုးရသည့် အစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ e-Government စနစ် တည်ဆောက်သည့်အခါ ခေတ်မီ ဆန်းသစ်သည့် နည်းပညာများ တပ်ဆင်အသုံးပြုပြီး ဝန်ဆောင်မှုပေးရုံသာမက e-Government စနစ် အောင်မြင်မှုကို တိုင်းတာသည့်နေရာ၌ အဓိကအချက် (၂)ချက် ဖြစ်သည့် ပြည်သူလူထုအများစုသည် အစိုးရ၏ ပြည်သူ့ရေးရာ Online ဝန်ဆောင်မှုများကို ယုံယုံကြည်ကြည် အသုံးပြုလာကြရန်နှင့် ပြည်သူ လူထုအတွက် အမှန်တကယ် လိုအပ်သည့် Online ဝန်ဆောင်မှုများကို ဖန်တီးပေးနိုင်ရန် ဖြစ်ပါကြောင်း။

ထို့ကြောင့် e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် သွားနိုင်ရန်အတွက် လိုအပ်သည့် မူဝါဒလမ်းစဉ်များကို ချမှတ်ပေးပြီး စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် e-Government ဦးဆောင် ကော်မတီနှင့် အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ e- Government စနစ် ရည်မှန်းချက် ပန်းတိုင်ရောက်ရှိနိုင်ရန် ကောင်းမွန်သော မဟာဗျူဟာနှင့် မူဝါဒများ၊ လုပ်ငန်းစဉ် မူဘောင်များ စနစ်တကျ ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးအထောက်အပံ့၊ အိန္ဒိယ နိုင်ငံမှ Infosys Limited ၏ နည်းပညာ ကျွမ်းကျင်မှု အကူအညီနှင့် မြန်မာနိုင်ငံရှိအစိုးရဌာနများ၊ ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင် အဖွဲ့များ၊ သုတေသန အဖွဲ့ အစည်းများ၊ လုပ်ငန်းအေဂျင်စီများ၊ ပြည်တွင်း၊ ပြည်ပမှ e-Government နှင့် ICT နည်းပညာ ကျွမ်းကျင်သူပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ ကမ္ဘာ့နိုင်ငံအသီးသီး၏ အတွေ့အကြုံ ကောင်းများနှင့် နှိုင်းယှဉ်လေ့လာကာ မြန်မာနိုင်ငံအတွက် e-Governance Master Plan ကို ရေးဆွဲခဲ့ပါကြောင်း၊ ၎င်း၏လုပ်ငန်းစဉ်များကို လေ့လာ သုံးသပ်ပြီး ပထမဦးစားပေး ဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်များ၊ နှစ်တိုကာလ၊ အလယ်အလတ် အဆင့်ကာလနှင့် နှစ်ရှည်ကာလအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များကို အောင်မြင်အောင် စီမံဆောင်ရွက်ကြ ရန် ပြောကြားလိုပါကြောင်း။

အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အာဆီယံနိုင်ငံများအတွင်း ပူးပေါင်း အကောင် အထည်ဖေါ် ဆောင်လျက် ရှိသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအရ မိမိတို့ နိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက်သွားကြရမည့် ကိစ္စများကိုလည်း မျက်ခြေမပြတ် လေ့လာပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ မဟာဗျူဟာမြောက်ရေရှည်အမြင် (Strategic Vision) ချမှတ်ရေးပင် ဖြစ်ပါကြောင်း၊ အစိုးရဌာနများအကြား (Government to Government - G2G)၊ အစိုးရများ နှင့် လုပ်ငန်းရှင်များအကြား (Government to Business - G2B) နှင့် အစိုးရနှင့် ပြည်သူများ အကြား (Government to Citizen - G2C) အစရှိသည့် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရာ၌ ပြည်သူများ အမှန်တကယ်လိုလားသည့် ဝန်ဆောင်မှု အမျိုးအစားများကို လေ့လာဆန်းစစ်ပြီးမှ ဦးစားပေး အကောင်အထည်ဖော်စေလိုပါကြောင်း၊ သို့မှသာ ပြည်သူများ အတွက် ထိရောက်သော အကျိုးသက်ရောက်မှုများ ရရှိလာနိုင်စေမှာဖြစ်ပြီး ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှုများကို ပေးနိုင်သည့် ဝန်းကျင်တစ်ရပ်ကို ဖန်တီးလာနိုင် မည်ဖြစ်ပါကြောင်း။

အချို့လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ကြသည့်အခါတွင် ဌာနအချင်းချင်း သော်လည်းကောင်း၊ ဗဟိုရုံးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့်သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စများ အများကြီး ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ပြည်သူ့အကျိုးကိုသာ ရှေးရှု ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ တစ်ချို့လုပ်ငန်းများသည် ရေတိုအနေဖြင့် သိသာမြင်လွယ်သည့် အကျိုး ရလဒ်ကို ချက်ချင်းမရရှိနိုင်သော်လည်း ရေရှည်ရလဒ်ကို မျှော်မှန်းပြီး လုပ်ဆောင်သွား ရမည်ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများမှာ e-Government (သို့မဟုတ်) IT ဌာနခွဲများ ဖွဲ့စည်းပြီး သတ်သတ်မှတ်မှတ် တာဝန်ပေးအပ် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ e-Government လုပ်ငန်းများကို စဉ်ဆက်မပြတ် လည်ပတ် အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။

ရည်ရွယ်ချက်နှင့် လုပ်ငန်းသဘောသဘာဝတူညီပြီး မျှဝေသုံးစွဲသွားနိုင်သည့် ICT အခြေခံ အဆောက်အဦများကို တစ်နေရာစီ၊ တစ်ခုချင်းစီ အကောင်အထည်ဖော်ကြမည့် အစား စုစည်းတည်ဆောက်ပြီး မျှဝေအသုံးပြုသွားခြင်းအားဖြင့် လုပ်ငန်းများ ပိုမိုလျင်မြန်လာမည် ဖြစ်ပြီး ပိုမိုထိရောက်ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာလည်း ယခုကဲ့သို့ ဆောင်ရွက် နေသည် ကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါကြောင်း။

e-Government ဝန်ဆောင်မှုများ ဖြန့်ဖြူးပေးရာတွင် ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက် အလက် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သုံးစွဲသူ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိအောင် လုပ်ပေးနိုင်မှသာ e - Government ဝန်ဆောင်မှုများကို ယုံယုံကြည်ကြည်နှင့် လက်ခံသုံးစွဲလာကြမည် ဖြစ်ပါ ကြောင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် လုံခြုံရေးအတွက် လိုအပ်မည့် ဥပဒေ များ၊ လုပ်ငန်းစဉ်များကို ရေးဆွဲတင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

e-Government လုပ်ငန်းစဉ် အောင်မြင်ပါက အခြားပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသော ကဏ္ဍအသီးသီးကလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပြည်သူ့ဝန်ဆောင်မှုများကို လေ့လာကြည့် လျှင် ထင်ထင်ရှားရှား မြင်ရမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့် အတန်း များ မြင့်မားလာစေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အစိုးရနှင့် ပြည်သူများအကြား ပွင့်လင်းမြင်သာပြီး သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်၊ ပြည်သူများ လိုလားသည့် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးနိုင်ကြရန်အတွက် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးဆောင် ကော်မတီ နာယက၏ မှာကြားချက်နှင့်အညီ အထူးအာရုံစူးစိုက်ပြီး ကြိုးပမ်းလုပ်ဆောင် သွားကြရန် ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် အညီ ရေးဆွဲထားရှိသည့် Master Plan တို့ကို အခြေခံပြီး ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်နှင့် အားလုံးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက e-Government စနစ်တစ်ခု အောင်မြင်လာရန်အတွက် အခြေခံအဆောက် အဦများ၊ ကွန်ပြူတာစနစ်များ တည်ဆောက် တပ်ဆင်ရုံ၊ Web Page များ ဖန်တီးတည်ဆောက် ပေးရုံသာမက ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိမည့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းများကို ရေတိုရေရှည် ကာလ အပိုင်းအခြားအလိုက် သေချာစွာ စိစစ်ချမှတ်ဆောင်ရွက်ပြီး အဂတိတရားလျော့ချနိုင်ရေးနှင့် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကို အထောက်အကူပြု စေမည့် ပြည်သူများအတွက် အမှန် တကယ် အကျိုးရှိမည့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်မည့် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်သွားနိုင်ရန် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တိုးတက် များပြားလာမည့် e-Government လုပ်ငန်းစဉ်များအား အမျိုးသား အဆင့်သို့ ဟန်ချက်ညီစွာ ပေါင်းစပ်အဆင့်မြှင့်တင်ပြီး နိုင်ငံသားများ ပိုမို ကောင်းမွန်သော အွန်လိုင်းဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အမျိုးသားအဆင့် သတင်း အချက်အလက် ဗဟိုဌာနကြီးဖြစ်သော e-Government Integrated Data Center (e-GIDC)ကို ကိုရီးယားနိုင်ငံ EDCF ချေးငွေဖြင့် နေပြည်တော်တွင် တည်ဆောက်သွားနိုင်ရန် ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး မှ သဘောတူခွင့်ပြုချက် ရရှိခဲ့သဖြင့် Feasibility Study Report တင်ပြခြင်း၊ Loan Agreement ရေးထိုးခြင်းတို့ ပြီးစီးပါက လုပ်ငန်း လည်ပတ်နိုင်သည်အထိ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီမံကိန်းပြီးစီးအောင် စီမံဆောင်ရွက် လျက်ရှိပါကြောင်း စသဖြင့် e-Government လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းတင်ပြ သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက e-Government လုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် အကြံပြု ချက်များကို ဆွေးနွေးတင်ပြကြရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတနှင့် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Ref; Myanmar State Counsellor Office and MOI