နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

မန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာအနှံအပြား၊ ကရင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၁.၃ ဒီဂရီဆဲလ်စီးယပ်၊ မိုင်းယန်းမြို့တွင် ၆.၀ ဒီဂရီဆဲလ်စီးယပ်၊ ဟဲဟိုးမြို့တွင် ၇.၀ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၇.၂ ဒီဂရီဆဲလ်စီးယပ်၊ လားရှိုးမြို့နှင့် လွိုင်လင်မြို့တို့တွင် ၇.၈ ဒီဂရီဆဲလ်စီးယပ်စီ၊ သီပေါမြို့ တွင် ၈.၀ ဒီဂရီဆဲလ်စီးယပ်၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၈.၆ ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် ၈.၉ ဒီဂရီဆဲလ်စီးယပ်၊ မချမ်းဘောမြို့တွင် ၉.၅ ဒီဂရီ ဆဲလ်စီးယပ်နှင့် မိုးညှင်းမြို့တွင် ၁၀.၀ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မော်လမြိုင်မြို့တွင် ၀.၅၉ လက်မ၊ မုဒုံမြို့တွင် ၀.၄၇ လက်မ၊ မြိတ်မြို့တွင် ၀.၃၅ လက်မ၊ ထားဝယ်မြို့တွင် ၀.၁၆ လက်မ၊ ကော့သောင်းမြို့နှင့် ဘားအံ(စိုက်ပျိုးရေးမိုးလေဝသ)တို့တွင် ၀.၁၂ လက်မစီနှင့် ဘားအံမြို့တွင် ၀.၀၈ လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရွာနှုန်း ၈၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။        တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်            တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရွာနှုန်း ၈၀ ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်            တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။