ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပင်းပက်-နောင်ကား ရထားလမ်းသစ်စီမံကိန်းလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေး

(၆ - ၉ - ၂၀၂၂)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် စက်တင်ဘာလ ၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက်နှင့် နောင်ကား ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင် နေရာများနှင့် နောင်ကား-တောင်ကြီး ရထား လမ်းပိုင်း တို့အား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးတို့ လိုက်ပါလျက် နေပြည်တော်မှ နံနက်ပိုင်းတွင် ထွက်ခွါလာရာ ရှမ်းပြည်နယ်၊ ကလောမြို့ရှိ ကလောဘူတာသို့ ရောက်ရှိပြီး မြန်မာ့မီးရထားမှ တိုင်းအဆင့် အရာထမ်းများနှင့် တာဝန်ရှိ သူများက ကြိုဆိုကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ကလောဘူတာ၏ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အစဉ်အလာကို ဆက်လက် စောင့်ထိန်းနိုင်ရေး၊ ဘူတာ အဆောက်အဦနှင့် ယာဒ်ဝင်းအား သန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊ ဘူတာအား ရှေးမူမပျက် မွမ်းမံပြင်ဆင် ထိန်းသိမ်းထားရှိရေးတို့ကို မှာကြားခဲ့ပြီး၊ ရှေးဟောင်း ရေနွေးငွေ့စက်ခေါင်းနှင့် ချိတ်ဆက်ထားသည့် တွဲ ပြသထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီးနောက် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများကို မှာကြားခဲ့ပါသည်။ ၎င်းမှ ဆက်လက် ထွက်ခွါလာရာ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မြန်မာ့မီးရထားရိပ်သာသို့ ရောက်ရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ လိုက်ပါလျက် တောင်ကြီးမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွါရာ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ သံမဏိထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံနှင့် ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ရန် လျာထားနေရာ၊ ပင်းပက်ဘူတာ တည်ဆောက်မည့် နေရာတို့အား သွားရောက် ကြည့်ရှု စစ်ဆေးကာ စံနှုန်းများနှင့်အညီ  သတ်မှတ်ချိန် အတွင်း ပြီးစီးအောင် တည်ဆောက်ရေးတို့ကို မှာကြားပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက် လုပ်မည့် လမ်းအူကြောင်းတစ်လျှောက် စီမံကိန်းလုပ်ငန်းခွင် နေရာများသို့ မော်တော်ယာဉ်များနှင့် လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ကား လမ်းဆုံမှ အထူးရထား စီးနင်းပြီး ရထားလမ်းပိုင်း၏ ကြံ့ခိုင်မှု အခြေအနေ၊ ဘူတာများ၏ သန့်ရှင်းသပ်ရပ်မှု အခြေအနေ၊ ကားနှင့် ရထားလမ်းကူး (Level Crossing) များ၌ မော်တော်ယာဉ်များ စနစ်တကျ ဖြတ်သန်း သွားလာမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် တောင်ကြီးဘူတာသို့ ပြန်လည် ရောက်ရှိပါသည်။ တောင်ကြီးဘူတာတွင် တာဝန်ရှိသူများ၊ ဘူတာဝန်ထမ်းများအား တွေ့ဆုံ၍ ဘူတာ သန့်ရှင်း သပ်ရပ်စေရေး၊ စက်ခေါင်းနှင့် တွဲများ လုံခြုံမှုရှိစေရေး၊ ရထားများ အချိန်မှန်ကန်စေရေး၊ ရထားစီး ခရီးသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေး ကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန