ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက် ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

( ၉ - ၉ - ၂၀၂၂ )

ပုသိမ်မြို့တွင် ရောက်ရှိနေသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၌ လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်း၊  အပြည်ပြည်ဆိုင်ရာ ရေအောက် ကေဘယ်လ်စနစ်(SEA-ME-WE-5) ၏ Cable Landing Station တို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ နံနက်ပိုင်းတွင် ပုသိမ်မြို့အနီး၊ ငဝန်မြစ် ရေတိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေတွင် ကမ်းပြိုမှု ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ ကမ်းပြိုကာကွယ်ရေး ထိန်းသိမ်းနိုင်ရန် ဘုရား၏ အထက်ဘက် Up Stream မှ  သောင်တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားမှု ဖြစ်ပေါ်သည့် ကမ်းပါးနေရာများ တည်တံ့အောင် စနစ်တကျ စံချိန်စံညွှန်းနှင့်အညီ ပြုပြင် ဆောင်ရွက်ရန်၊ ရေတိုက်စားမှု ထပ်မံ မဖြစ်ပွားစေရေး၊ လိုအပ်သည့် နေရာများတွင် သောင်တူးဖော်ရေး လုပ်ငန်းများအား  ကြိုတင် စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဝဲဒေါင့်ဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ခံတံတား နေရာသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားပြုပြင် မွမ်းမံရေး ဆောင်ရွက်ရန် အခြေအနေများ၊ တံတားအနီး သောင်တူးဖော်ရေး ဆောင်ရွက်သင့်သည့် အခြေအနေများကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရေအောက် ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရေအောက်ကေဘယ်စနစ်နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးစနစ်များ ကောင်းမွန်နေစေ ရေး၊ ပင်လယ်ရေအောက်နှင့် ကုန်းပေါ်တွင် ဆက်ကြောင်း ပြတ်တောက်ပါက အချိန်တိုအတွင်း သိရှိ စေရေးနှင့် အမြန်ဆုံးပြုပြင်နိုင်ရေး စီမံဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမတွင် ပုသိမ်မြို့၌ တာဝန်ထမ်းဆောင်လျှက်ရှိကြသော ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများအား တွေ့ဆုံပါသည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအဆင့် တာဝန်ခံ အရာရှိများက ဌာန၏ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုနှင့် သုံးစွဲမှု အခြေအနေ၊ ဝန်ထမ်းသက်သာချောင်ချိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိဌာနအလိုက် ရည်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်ရည် မြင့်မားရေးကို အလေးထားဆောင်ရွက်ရေး၊ လက်ရှိအခြေအနေအချိန်အခါနှင့် ကိုက်ညီသော လုပ်ငန်းအစီအမံများကို ပြန်လည်သုံးသပ်၍ လုပ်ငန်းများတိုးတက် အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) လုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်ရေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး၊ ဝန်ထမ်းများ လုံခြုံရေး အသိ/ သတိ ရှိရန်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး အစီအမံများကို ရေးဆွဲချမှတ် လေ့ကျင့် ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော SOP နှင့်အညီ လိုက်နာရေး ရုံးဌာနများတွင် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန